ဝေဟင်မှပစ်မှတ်ကို စွမ်းအားမြင့်လေဆာလက်နက်ဖြင့် အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း ဗြိတိန်အစိုးရ ထုတ်ပြန်ကြေညာ
Pika (NSS) - ဇန်နဝါရီ ၂၁
ဗြိတိန်အစိုးရသည် ဈေးကြီးသော ဒုံးကျည်များနေရာတွင် အစားထိုးနိုင်သည့် စွမ်းအားမြင့်လေဆာလက်နက်ဖြင့် ဝေဟင်မှ ပစ်မှတ်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဈေးကြီးသော ဒရုန်းများကိုပစ်ချရန်အတွက် ဒုံးကျည်များကို အဓိကထား အသုံးပြုနေကြသည်။ သို့သော်လည်း ဒရုန်းများသည် ပုံမှန်အားဖြင့် ၎င်းတို့ကို ပစ်ချရန်အသုံးပြုသော ဒုံးကျည်များထက် ပိုမိုဈေးသက်သာကြောင်း သိရသည်။
အဆိုပါစမ်းသပ်ပစ်ခတ်မှုကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ Hebrides range လက်နက်စမ်းသပ်သည့်နေရာ တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လေဆာစွမ်းအင်လက်နက် (LDEW) စနစ်သည် ဝေဟင်ရှိပစ်မှတ်ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သော နိုင်ငံ၏ ပထမဆုံးစွမ်းအားမြင့်လေဆာလက်နက်ဖြစ်လာခဲ့ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
DragonFire လေဆာဟု အမည်ပေးထားသော အသစ်တီထွင်ဖန်တီးထားသည့်စနစ်သည် ၎င်း၏ မြင်ကွင်းအတွင်း ရှိနေသည့် မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ လေဆာလက်နက် ပစ်ခတ်နိုင်သည့် အကွာအဝေးကိုထုတ်ဖော်ပြောဆိုထားခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်က "ဒီခေတ်မီလက်နက်အမျိုးအစားဟာ ဈေးကြီးတဲ့ ခဲယမ်းမီးကျည်တွေအပေါ် မှီခိုအားထားမှုကိုလျှော့ချပြီး ပျက်စီးဆုံးရှုံးမှုတွေကို လျှော့ချပေးခြင်းဖြင့် တိုက်ပွဲကို တော်လှန်နိုင်မယ့်အလားအလာရှိပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါလေဆာလက်နက်သည် ပြင်းထန်သော အလင်းတန်းတစ်ခုကိုအသုံးပြုကာ ၎င်း၏ပစ်မှတ်များကို ထိမှန် အောင်ပစ်ခတ်နိုင်ပြီး လက်နက်ထိပ်ဖူးကို သေချာချိန်ထားမည်ဆိုပါက ပိုမိုထိရောက်သော ရလဒ်များကိုရစေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ လေဆာလက်နက်ကို (၁ဝ)စက္ကန့်ကြာအောင် ပစ်ခတ် ခြင်းသည် အပူပေးစက်ကို (၁)နာရီကြာအောင် အသုံးပြုသည့်စွမ်းအင်နှင့်ညီမျှကြောင်းလည်း ရေးသားဖော်ပြထား သည်။
ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် "ဒီအချက်ကြောင့် ယင်းလေဆာလက်နက်ဟာ ဒုံးကျည်တွေအတွက် ရေရှည် ကုန်ကျစရိတ်သက်သာမယ့် အစားထိုးရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ဖို့ အလားအလာရှိနေပါတယ်" ဟု ဖော်ပြထား သည်။
အဆိုပါလေဆာလက်နက်ကို တစ်ကြိမ်ပစ်ခတ်လျှင် အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၇) ဒေါ်လာ ကုန်ကျကြောင်း လည်း သိရသည်။ လေဆာလက်နက်တီထွင်ဖန်တီးမှုကို MBDA၊ Leonardo နှင့် QinetiQ ကုမ္ပဏီတို့နှင့်အတူ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနတို့ကိုယ်စား ကာကွယ်ရေး သိပ္ပံနှင့်နည်းပညာ ဓါတ်ခွဲခန်းက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ပူးတွဲရင်းနှီးမြှုပ်နှံမှုများအတွက် အမေရိကန်ဒေါ်လာ(၁၂၇)သန်း ကုန်ကျကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Sorayya ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း အီရန်အစိုးရပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ