Sorayya ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း အီရန်အစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၂၁
အီရန်နိုင်ငံသည် ၎င်း၏ Sorayya ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဇန်နဝါရီလ(၂ဝ)ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါလွှတ်တင်မှုကြောင့် အီရန်နိုင်ငံ၏ နျူကလီးယားရည်မှန်းချက်များနှင့်ပတ်သက်ပြီး အနောက်အုပ်စု နိုင်ငံများ၏ စိုးရိမ်ပူပန်မှုများမြင့်တက်လာနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ အီရန်အာကာသအေဂျင်စီ၏ အရပ်ဘက်ဆိုင်ရာသုတေသနအဖွဲ့မှ တီထွင်ဖန်တီးထားသောဂြိုလ်တုကို ကီလိုမီတာ(၇၅ဝ)အကွာအဝေးရှိ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရန်ကလွှတ်တင်ခဲ့သည့်ဂြိုလ်တုများထဲ တွင် အမြင့်ဆုံးရောက်ရှိခဲ့သည့် ဂြိုလ်တုတစ်ခုဖြစ်ကြောင်း သိရသည်။
(၅ဝ)ကီလိုဂရမ်လေးသော ဂြိုလ်တုကို အီရန်စစ်တပ်မှတည်ဆောက်ထားသည့် အဆင့်သုံးဆင့် လောင်စာဆီ အခဲသုံး ဒုံးပျံယာဉ် Qaem 100 ဖြင့် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ဂြိုလ်တုများကို ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ရာတွင် အသုံးပြုသည့် တာဝေးပဲ့ထိန်းနည်းပညာသည် အီရန်ကို နျူကလီးယားထိပ်ဖူးများအပါအဝင် တာဝေးပစ်လက်နက်များ ပစ်ခတ်ရာတွင် အကူအညီဖြစ်စေနိုင်ဖွယ်ရှိကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
အဆိုပါလွှတ်တင်မှုသည် ပဲ့ထိန်းဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အယောင်ပြလုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဆိုသည့် အမေရိကန်၏ စွပ်စွဲပြောဆိုချက်များကို အီရန်အစိုးရက ငြင်းဆန်ပယ်ချထားကြောင်းလည်း သိရသည်။ ထို့အပြင် နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိကြောင်း အီရန်အစိုးရက ပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံးဒုံးကျည်အစီအစဉ်များရှိသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော အီရန်နိုင်ငံသည် နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း ဂြိုလ်တုလွှတ်တင်မှုအများအပြားတွင် ကျရှုံးမှုများ ကြုံတွေ့ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်စစ်တပ်က ဟူသီလက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်များကို (၅)ကြိမ်မြောက် တိုက်ခိုက်မှုပြုလုပ်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ