ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
Htay Oung (NSS) - နိုဝင်ဘာ ၈
လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလျက်ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လူနည်းစု ဟိန္ဒူအသိုင်းအဝိုင်းကို ပြင်းပြင်းထန်ထန် ဖြိုခွဲလိုက်တဲ့အတွက် နိုင်ငံ့အရှေ့တောင်ဖက် ဆိပ်ကမ်းမြို့ စစ်တ ကောင်းမှာ တင်းမာမှုတွေ တိုးမြင့်လာနေတယ်လို့ နယူးဒေလီအခြေစိုက် “အိန္ဒိယတူဒေး”က နိုဝင်ဘာလ ၇ ရက်က ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အစ္စလာမ်မစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ဂျမတ်အီအစ္စလာမ်မီ” အဖွဲ့ဝင် အူစမန် အလီဆိုသူက “နိုင်ငံတကာ ကရစ်ရှနား အသိပညာရေးအဖွဲ့” (ISKCON) နဲ့ ဟိန္ဒူဘာသာအပေါ် နှိမ်ချပုတ် ခတ်တဲ့ မှတ်ချက်များကို ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ခြင်းကြောင့် နိုဝင်ဘာ ၅-ရက်နေ့မှာ မငြိမ်သက် မှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။
..
ပို့စ်ရေးသားသူ အူစမန်အလီရဲ့ ဈေးဆိုင်ဟာ စစ်တကောင်းမြို့ ဟိန္ဒူဘာသာဝင်အများစုနေထိုင်ရာ ဟာဇာရီ ဂယ်လီနယ်မြေမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ ဟိန္ဒူနယ်မြေခံများက အလီရဲ့ဆိုင်အပြင်ဘက်မှာ စုရုံးကန့် ကွက် ဆန္ဒပြရာမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အပါအဝင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားချိန်မှာ အခြေအနေဟာ ဆိုးရွားလာခဲ့ပါတယ်။
ဟိန္ဒူဘာသာဝင်တို့အပေါ် လုံခြုံရေးတပ်များက ဖြိုခွင်းပုံကို ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် စာရေးဆရာမ “ရှာလီ မာနက်စ်ရင်” က "ဟာဇာနီဂယ်လီလမ်း၊ ယနေ့ စစ်တကောင်း။ ဟိန္ဒူနှင့် စစ်မက်အရေး" ခေါင်းစဉ်တပ်ပြီး ဗီဒီ ယိုဖိုင်အဖြစ် X လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ ဘင်္ဂါလီ အမျိုးသမီး စာရေးဆရာမ ရှာလီမာနက်စ်ရင်ဟာ ဆရာဝန်ဆေးပညာရှင်၊ ဣတ္ထိယဝါဒီ၊ လောကီရေးရာ လူသားဝါဒီနဲ့ တက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။ အမျိုးသ မီးများအပေါ် ဖိနှိပ်မှုအကြောင်းနဲ့ ဘာသာရေး ထိုးနှက်ဝေဖန်ရေးသားမှုများကြောင့် လူသိများပါတယ်။ ရှာလီ မာရဲ့ စာအုပ်အချို့ကို ဘင်္ဂလားဒေ့ရှ်မှာ ပိတ်ပင်ထားပြီး မိခင်တိုင်းပြည်နဲ့ အိန္ဒိယ အနောက်ဘင်္ဂလား ပြည်နယ် နှစ်ခုစလုံးမှာ နာမည်ပျက်စာရင်းသွင်း နှင်ထုတ်ခံထားရတဲ့အတွက် အနောက်နိုင်ငံများမှာ လှည့်လည်နေထိုင် ရင်း စာပေများကို ဆက်လက် ရေးသားနေပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများနဲ့ ထိပ်တိုက်တွေ့ပြီး နံပါတ်တုတ်များဖြင့် ရိုက်နှက်နေပုံကို ရှာလီမာ ရဲ့ ဗွီဒီယိုဖိုင်မှာ တွေ့မြင်ရပါတယ်။ ဒေသခံ မီဒီယာတစ်စောင်ရဲ့ အဆိုအရ လူစုခွဲတဲ့ လုံခြုံရေးတပ်များဟာ ဗလာကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။ အခင်းဖြစ်ရပ်ကို မှတ်တမ်းအဖြစ် မကျန်ရစ်စေရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်အချို့က CCTV ကင်မရာများကို လိုက်လံဖြုတ်သိမ်းနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
အဓိကရုန်းများဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး ဟိန္ဒူဘာသာဝင်များ ဘေးကင်းရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ခိုင်မာအားကောင်းတဲ့ အစီအမံများကို လုပ်ဆောင်ရန် တိုက်တွန်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးပါတယ်။ အခင်းဖြစ်ရပ် နောက်ကွယ်မှာ အစွန်းရောက် အရိပ် လက္ခဏာများကို တွေ့မြင်နေပြီး ရာဇဝတ်မှုမကင်းတဲ့ ဥပဒေမဲ့ လှုပ်ရှားမှုများဖြစ်ကြောင်း၊ လူမှုအသိုင်းအဝိုင်း အတွင်း တင်းမာမှုတွေ ထပ်ပြီး ဖန်တီးနိုင်အောင် တားဆီးတဲ့အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ထပ်မံ တိုက်တွန်းထားကြောင်း ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ သိသာထင်ရှားတဲ့ ခုခံမှုများနဲ့ ရင်ဆိုင်ခဲ့ရကြောင်း၊ ဆန္ဒပြသူတွေ ဟာ အုတ်ခဲကျိုးများနဲ့ ပစ်ပေါက်ပြီး အက်ဆစ်ရည်များနဲ့လည်း ဖြန်းပက်ခဲ့ကြောင်း၊ အက်စစ်လောင်ခြင်းအပါ အဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၉-ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်တကောင်းမြို့မ ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦး က ဆိုပါတယ်။ အင်္ဂါနေ့အထိ အာဏာပိုင်များက လူပေါင်း ၅၈၂- ဦးကို အမှုဖွင့်ထားပြီး ၎င်းတို့အနက် ၄၉ ဦးကို ဖမ်းဆီးထားကြောင်း “ဒါကာထရီဗြွန်း” က ရေးပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဟိန္ဒူနယ်မြေခံများအပေါ် တစ်ဖက်သပ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အခင်း ဖြစ်ရပ်မှာ နှစ်ဖက်လုံးမှ ဘာသာဝင်များပါဝင်နေပေမယ့် အာဏာပိုင်များက လူခွဲခြားပြီး တိုက်ခိုက်မှုများကို ပြု လုပ်ခဲ့ကြောင်း ဟိန္ဒူအသိုင်းအဝိုင်းခေါင်းဆောင်များက စွပ်စွဲပါတယ်။
သမိုင်းကြောင်းအရ ဟိန္ဒူများကြီးစိုးရာ စီးပွားရေးနယ်မြေဖြစ်တဲ့ ဟာဇာရီဂယ်လီဟာ တင်းကြပ်တဲ့ လုံခြုံရေး စောင့်ကြည့်မှုအောက်မှာ ကျန်ရှိနေပါတယ်။ ဆက်လက်လည်ပတ်နေတဲ့ လုပ်ငန်းများကြောင့် နေထိုင်သူအ များအပြားမှာ ထွက်ခွာရန် မဖြစ်နိုင်ကြောင်း သိရှိရပါတယ်။ နယ်မြေအတွင်း ရဲတပ်ဖွဲ့ဝင်များက တစ်အိမ်တက် ဆင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း သတင်းများလည်း ကြားသိရပါတယ်။
ယခုနောက်ဆုံး ပဋိပက္ခဟာ ရှိတ်ဟာစီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစုများရဲ့ လုံခြုံရေးအတွက် အမျိုးမျိုးသော စိုးရိမ်မှုများကြားမှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဟိန္ဒူတို့အပေါ် ပိုမိုကျယ် ပြန့်တဲ့ အကြမ်းဖက်မှု အသွင်မျိုးနဲ့ ဇက်ရဲလက်ရဲဖြစ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ နိုင်ငံ့ လူဦးရေရဲ့ ၈ ရာ ခိုင်နှုန်းခန့်ရှိပြီး အကြီးဆုံးလူနည်းစုဖြစ်တဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဟာစီနာရဲ့ အဝါမီလိဂ်ပါတီကို သမိုင်း ကြောင်းအရ ထောက်ခံခဲ့ကြသူများ ဖြစ်ပါတယ်။
နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကတော့ အဆိုပါ တိုက်ခိုက်မှု များကို ရှုတ်ချခဲ့ပြီး ဟိန္ဒူဘာသာဝင်များ ဘေးကင်းရေးအတွက် ရပ်ရွာခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဆောင် သွားမယ်လို့ ကတိပြုပါတယ်။
(India Today., 7 November 2024,” Bangladeshi forces crack down on Hindus in Chittagong after post sparks unrest” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ