အင်ဒိုနီးရှားတွင် အွန်လိုင်းဈေးဝယ်လုပ်ငန်းကို ပြန်လည်စတင်ရန်အတွက် TikTok နှင့် နည်းပညာကုမ္ပဏီ GoTo တို့ လက်မှတ်ရေးထိုး
Pika (NSS) - ဒီဇင်ဘာ ၁၁
ဆိုရှယ်မီဒီယာအပ်ပ်တစ်ခုဖြစ်သော TikTok သည် အင်ဒိုနီးရှားနိုင်ငံတွင် ၎င်း၏အွန်လိုင်းဈေးဝယ်လုပ်ငန်းကို ပြန်လည်စတင်ရန်အတွက် အင်ဒိုနီးရှားနည်းပညာကုမ္ပဏီ GoTo နှင့် ဖက်စပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံ၏ Bytedance ကုမ္ပဏီပိုင်ဆိုင်သော TikTok သည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး e-commerce ပလက်ဖောင်း Tokopedia ကုမ္ပဏီ နှင့် အမေရိကန်ဒေါ်လာ(၁ ဒသမ ၅)ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်းသိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် TikTok အပ်ပ်အသုံးပြုသူသည် (၁၂၅)သန်းဝန်းကျင်ရှိကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်အရ TikTok အပ်ပ်သည် GoTo ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော Tokopedia ကုမ္ပဏီ၏ ရှယ်ယာ (၇၅) ရာခိုင်နှုန်းကျော်ကို ဝယ်ယူမည်ဖြစ်ပြီး အင်ဒိုနီးရှားတွင် အွန်လိုင်းဈေးဝယ်လုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် Tokopedia ကုမ္ပဏီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကုမ္ပဏီနှစ်ခု၏ ပူးတွဲထုတ်ပြန်ချက်တွင် "ဒီမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ အနီးကပ်ညှိနှိုင်း ကြီးကြပ်ဆောင်ရွက်ပြီး စမ်းသပ်ကာလတစ်ခုနဲ့ စတင်သွားမှာပါ"ဟု ထုတ်ပြန်ထားသည်။
GoTo ကုမ္ပဏီ နှင့် TikTok တို့သည် ၎င်းတို့၏ပလက်ဖောင်းများပေါ်တွင် အင်ဒိုနီးရှား၏ကုန်စည်များကို ပိုမိုမြှင့်တင်သွားမည်ဖြစ်သလို အင်ဒိုနီးရှားနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွာရေးလုပ်ငန်းများကို ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အရောင်းဗျူဟာများ ပိုမိုတိုးမြင့်လာစေရန်ကူညီပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သေးငယ်သော ကုန်သွယ်လုပ်ငန်းများနှင့် အသုံးပြုသူများ၏ ဒေတာအချက် အလက်များကို ကာကွယ်ရန်အတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် အွန်လိုင်းဈေးဝယ်ခြင်းကို အင်ဒိုနီးရှားအစိုးရက တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် အဆိုပါသဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
လူဦးရေသန်း(၂၇၀)ကျော်ရှိသော အင်ဒိုနီးရှားနိုင်ငံရှိ လူအများစုသည် ဆိုရှယ်မီဒီယာများကို တွင်တွင်ကျယ်ကျယ်အသုံးပြုသူများဖြစ်ကြပြီး ပြီးခဲ့သည့်အောက်တိုဘာလတွင် TikTok အပ်ပ်၌ အွန်လိုင်းဈေးဝယ်ခြင်းကို ပိတ်ပင်ခြင်းများမပြုလုပ်မီ TikTok ၏ အကြီးဆုံးအွန်လိုင်း လက်လီဈေးကွက်ကို ဖန်တီးခဲ့ကြကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးတို့ ကူမင်းမြို့၌ တွေ့ဆုံ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ