ပထမဆုံးပြည်တွင်းထုတ် စပိုင်ဂြိုလ်တုကို ဒီဇင်ဘာလ(၂)ရက်မှာ လွှတ်တင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ ထုတ်ပြန်ကြေညာ
Pika (NSS) - ဒီဇင်ဘာ ၁
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် စပိုင်ဂြိုလ်တုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ US Vandenberg အာကာသတပ်ဖွဲ့အခြေစိုက်စခန်းမှ SpaceX Falcon 9 ဒုံးပျံယာဉ်နှင့်အတူ လွှတ်တင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါစပိုင်ဂြိုလ်တုလွှတ်တင်မှုကို နိုဝင်ဘာလ(၃ဝ)ရက်နေ့တွင် လုပ်ဆောင်ရန် အစောပိုင်းက စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် နောက်ထပ်နှစ်ရက်ရွှေ့ဆိုင်းခဲ့ရကာ ဒီဇင်ဘာလ(၂)ရက်တွင် လွှတ်တင်သွားမည်ဖြစ် ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ပြန်လည်ပြောကြားခဲ့သည်။
SpaceX ကုမ္ပဏီက "Falcon 9 ကို ဒီဇင်ဘာလ(၁)ရက် နံနက်(၁၀)နာရီ(၂၉)မိနစ်အချိန်မှာလည်း လွှတ်တင်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရာသီဥတုဆိုးရွားမှုတွေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။ လွှတ်တင်ပြီးတဲ့နောက် (၂)မိနစ်နဲ့(၂၂)စက္ကန့်အကြာမှာ ပထမနဲ့ ဒုတိယအဆင့် ဒုံးပျံယာဉ်တွေကို ခွဲထုတ်သွားမှာပါ။ ပြီးတော့ (၁၉)စက္ကန့် အကြာမှာ ဂြိုလ်တုအတွက် အကာအကွယ်ကို ထပ်မံခွဲထုတ်သွားဖို့ စီစဉ်ထားပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါစပိုင်ဂြိုလ်တု ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာရောက်ရှိသွားပါက နောက်တစ်နေ့တွင် မြေပြင် အခြေစိုက်စခန်းတစ်ခုနှင့် ဆက်သွယ်မှုများ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း SpaceX ကုမ္ပဏီက ပြောကြားခဲ့သည်။
ထို့အပြင် တောင်ကိုရီးယားသည် မြောက်ကိုရီးယားကို စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ၂ဝ၂၅ ခုနှစ် တွင် နောက်ထပ်ရေဒါဂြိုလ်တု(၄)လုံးကို လွှတ်တင်ရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ပထမဆုံးစစ်ဖက်သုံးစပိုင်ဂြိုလ်တုကို နိုဝင်ဘာလ(၂၁)ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားဖက်က ယခုကဲ့သို့လွှတ်တင်မှုလုပ်ဆောင်ရန် စီစဉ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရနောင်းခရိုင်တွင် မြန်မာနိုင်သား(၇)ဦး တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ