ရနောင်းခရိုင်တွင် မြန်မာနိုင်သား(၇)ဦး တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
ကျော် (NSS) - ဒီဇင်ဘာ ၁
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်ညပိုင်းက မြန်မာနိုင်ငံသား(၇)ဦး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါနေ့၊ ညနေ ၆ နာရီခန့်က ရနောင်းခရိုင်မှတာဝန်ရှိသူများသည် ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများမရှိစေရေးအတွက် လှည့်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့ လှည့်လည်စစ်ဆေးစဥ် ရနောင်းခရိုင်၊ စုခ်စာမ်ရာမြို့၊ နာခါကျေးရွာတွင် ထိုင်းနိုင်ငံ သားတစ်ဦးမောင်းနှင်လာသည့် ပစ်ကပ်ကားအား မသင်္ကာသဖြင့်တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကားပေါ်တွင် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁) ဦးနှင့်အမျိုးသမီး(၆)ဦး(စုစုပေါင်း ၇ ဦး)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"မြန်မာနိုင်ငံသားတွေဖမ်းခံရတယ်ကြားလို့ ကူညီပေးဖို့အတွက်သွားခဲ့ပါတယ်။ သူတို့ကို ထိုင်းမှာအလုပ်လုပ်ရမယ်လို့ ပွဲစားကပြောတဲ့အတွက် လာခဲ့တာလို့သိရတယ်။ ပွဲခကတစ်ယောက်ကို ဘတ် ၂၅၀၀၀ စီပေးရတယ်လို့ပြောတယ်။ လိုအပ်တာတွေကို တတ်နိုင်သလောက်ကူညီပေးသွားမှာပါ"ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကိုကူညီဆောင်ရွက်ပေးနေသည့် ကိုနိုင်မိုးက NSS ကိုပြောသည်။
ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူအား စစ်ဆေးချက်အရ မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးခအဖြစ် တစ်ဦးလျှင် ဘတ် ၁၀၀၀ စီရရှိမည်ဖြစ်၍ ပို့ဆောင်ပေးခြင်းဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူအပါအဝင် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဖမ်းဆီးမှုများပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်ကလည်း တာခ်ခရိုင်၊ မဲဆောက်မြို့၊ မဲ့ပါ့ကျေးရွာရှိ ဘန့်ဟွေ့ဟင်န်ဖွန်စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းစုံတင်လာသည့် Box ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၆ ဦး ဖမ်းဆီးခံခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့တွင် ဘယ်တော့မှ ပါဝင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး ဝန်ခံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း