တရားမဝင်ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) အရ အရေးယူသွားမည်
စော (NSS) - နိုဝင်ဘာ ၂၃
တရားမဝင်ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) အရ အရေးယူသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ၌ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများကို တရားမဝင်ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများကလည်း တရားမဝင် ရယူသုံးစွဲလျက်ရှိသည်ကို တွေ့ရှိရကြောင်း ဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိခြင်းများ နှင့် အသုံးပြုခြင်းများအတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ(၁၃) နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃၃(က)တို့အရ လိုင်စင်ရယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းများ နှင့် တရားမဝင်ဂြိုလ်တုဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို လိုင်စင်ရယူထားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းများ မပြုလုပ်ကြရန်လည်း တားမြစ်ထားသည်။
အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇)နှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ပုဒ်မ၌ မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန်သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ -ဂြိုလ်တုဖုန်း)၊ ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ကိရိယာများ၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-MF,HF, VHF, UHF လှိုင်းနှုန်းသုံးဆက်သွယ်ရေးပစ္စည်းများ)သည် ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်ရယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ (၅)နှင့် လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ ၅၂(ဂ)အရ ပြည်တွင်း/ပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ခြင်း နှင့် နိုင်ငံတကာဂြိုလ်တု အော်ပရေတာများအနေဖြင့် သုံးစွဲသူများကို ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးလိုပါက ဦးစီးဌာနသို့ လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လုံခြုံမှုအကင်းမဲ့ဆုံးနှင့် စီးပွားရေး ချွတ်ခြုံကျ တိုင်းပြည်ဖြစ်ရခြင်း အကြောင်းရင်းများ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ