အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကို ဂြိုလ်တုဝန်ဆောင်မှုများ ထောက်ပံ့ပေးမည့် ပထမဆုံးသဘောတူစာချုပ်ကို အီလွန်မတ် လက်မှတ်ရေးထိုးခဲ့
Pika (NSS) - စက်တင်ဘာ ၂၉
ကမ္ဘာကျော်ဘီလျံနာသူဋ္ဌေးကြီး အီလွန်မတ်၏ SpaceX ကုမ္ပဏီသည် ‘Starshield’ ပရိုဂရမ်တစ်စိတ်တစ်ပိုင်းအဖြစ် ဂြိုလ်တုဝန်ဆောင်မှုများ ထောက်ပံ့ပေးမည့် ပထမဆုံးသဘောတူစာချုပ်ကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါပရိုဂရမ်ကို အရပ်ဖက်သုံး Starlink ဂြိုလ်တုစနစ်အား စစ်ဘက်ဆိုင်ရာအစားထိုးမှုတစ်ခုအဖြစ် အီလွန်မတ် က ဖော်ပြခဲ့သည်။
အီလွန်မတ် က "SpaceX ကုမ္ပဏီဟာ US Space Force နဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ Starshield ပရောဂျက်ကို အမေရိကန်အစိုးရက ပိုင်ဆိုင်သွားမှာဖြစ်ပြီး ပင်တဂွန်က ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Starlink ဂြိုလ်တုစနစ်ကို တိုက်ခိုက်ရေးတွေမှာ မဟုတ်ဘဲ အရပ်ဘက်အတွက်ပဲသုံးတဲ့ ကွန်ရက်တစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကမှန်ကန်တဲ့ အစီအစဉ်တစ်ခုပါပဲ" ဟု ပြောခဲ့သည်။
လေတပ်ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Ann Stefanek က "အမေရိကန်ဒေါ်လာသန်း(၇ဝ)တန်တဲ့ သဘောတူညီချက်ဟာ Starshield ပရိုဂရမ်ကို ကွန်ရက်စီမံခန့်ခွဲမှုတွေ၊ ဆက်စပ်ပစ္စည်းတွေ နဲ့ အခြားဆက်စပ်တဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးပါလိမ့်မယ်" ဟု ပြောခဲ့သည်။
အီလွန်မတ်သည် “Starshield ဟု အမည်ပေးထားသော Starlink ၏ စစ်တပ်ဗားရှင်းကို တီထွင်ခဲ့ပြီး အဆိုပါ စီမံကိန်းကို အမေရိကန်စစ်တပ်ထံ လွှဲပြောင်းပေးရန် မျှော်လင့်ထားကြောင်း၊ ၎င်း၏ အတ္ထုပတ္တိကို ရေးသားသူ Walter Isaacson က ယခုလအစောပိုင်းတွင် ထုတ်ပြန်ပြောခဲ့သည်။
Walter Isaacson က "ကျွန်တော် အီလွန်မတ်နဲ့ အချိန်အတော်ကြာ စကားပြောခဲ့ပါတယ်။ တစ်ညမှာတော့ ဒီစစ်ပွဲမှာ သူဘာလို့ပါဝင်နေရတာလဲလို့ ပြောဆိုခဲ့ပါတယ်။ လူတွေ ဂိမ်း အေးဆေးကစားနိုင်အောင်၊ Netflix က ရုပ်ရှင်တွေကို အေးဆေးကြည့်နိုင်အောင် ဒီ Starlink ဂြိုလ်တုတွေကို ဖန်တီးခဲ့တာလို့ သူက ကျွန်တော့်ကို ပြောပါတယ်။ သူက နျူကလီးယားစစ်ပွဲဖြစ်ပွားလာစေမယ့်အရာတစ်ခုကို ဖန်တီးချင်တာ မဟုတ်ဖူးလို့လည်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အီလွန်မတ်ဟာ Starlink ရဲ့ပစ္စည်းအချို့ကို အမေရိကန်စစ်တပ်ကို ရောင်းချပြီး အပြည့်အဝ ထိန်းချုပ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Starlink ဂြိုလ်တုစနစ် အသုံးပြုပုံနဲ့ ပတ်သက်ပြီး အီလွန်မတ်နဲ့သက်ဆိုင်မှာ မဟုတ်တော့ပါဘူး။ Starlink ဂြိုလ်တုအတွက် အသုံးပြုမှုစည်းကမ်းတွေ ကိုလည်း အီလွန်မတ်က ထိန်းချုပ်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောက်တိုဘာ(၁)ရက်မှစ၍ ရွှေတိဂုံစေတီတော်အား လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားများ ဝင်ကြေးကို ပြောင်းလဲကောက်ခံမည်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ