လကမ္ဘာသို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီးနောက် နေရောင်ခြည်စူးစမ်းလေ့လာရေး အာကာသယာဉ်တစ်စင်းကို အိန္ဒိယအစိုးရ ထပ်မံလွှတ်တင်
Pika (NSS) - စက်တင်ဘာ ၂
အိန္ဒိယနိုင်ငံသည် လကမ္ဘာသို့အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် နေကိုလေ့လာရန်အတွက် ယနေ့ (စက်တင်ဘာလ ၂ ရက်)တွင် Aditya-L1 အမည်ရှိ အာကာသယာဉ်ကို Andhra Pradesh ပြည်နယ် Sriharikota ကျွန်းရှိ Satish Dhawan Space Centre မှ လွှတ်တင်ခဲ့ကြောင်းသိရသည်။
အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) ၏ ပထမဆုံး နေရောင်ခြည်စူးစမ်းလေ့လာရေးယာဉ်ကို Polar Satellite Launch Vehicle (PSLV) ပေါ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လူများနှင့် အရာဝတ္ထုများကို သယ်ဆောင်နိုင်သော payloads ခုနှစ်ခုလည်း ပါဝင်ကြောင်းသိရသည်။ payloads လေးခုသည် နေမှလာသော အလင်းရောင်ကို စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး အခြားသုံးခုသည် plasma နှင့် သံလိုက်စက်ကွင်းများကို တိုင်းတာသွားမည်ဖြစ် ကြောင်းလည်းသိရသည်။
ထို့ပြင် Aditya-L1 အမည်ရှိ အာကာသယာဉ်သည် နေဆီသို့ ဆက်လက်သွားနိုင်ရန်အတွက် လိုအပ်သော အမြန်နှုန်းရရှိရန် ကမ္ဘာပတ်လမ်းတွင် (၁၆)ရက်ကြာရှိနေမည်ဖြစ်ကြောင်း ISRO ကပြောကြားခဲ့သည်။ အဆိုပါဂြိုလ်တုနှင့် payloads များကို ကမ္ဘာ-နေ စနစ်၏ ပုံသေပတ်လမ်းကြောင်းပေါ်တွင် ထားရှိမည်ဖြစ်ပြီး အချက်အလက်များကို စုဆောာင်းရန်အတွက် နေကို ဆက်လက်လှည့်ပတ်နေမည်ဖြစ်ကြောင်းသိရသည်။ Aditya-L1 အမည်ရှိ အာကာသ ယာဉ်သည် ကမ္ဘာမြေပြင်မှ ကီလိုမီတာ(၁ ဒသမ ၅)သန်းခန့်အကွာတွင်ရှိနေမည်ဖြစ်ပြီး နေဆီသို့ဦးတည်သွားမည်ဖြစ်ကြောင်း ISRO ကပြောကြားခဲ့သည်။
Aditya-L1 ပေါ်တွင် ပါဝင်မည့် payloads များသည် နေ၏လေထုအပြင်ဘက်အလွှာအပူ ချိန်၊ နေ၏လေထုအပြင်ဖက်ဆုံးအပိုင်းမှ သံလိုက်စက်ကွင်းများနှင့် plasma ထုတ်လွှတ်မှု၊နေ၏ရောင်ခြည်စက်ကွင်းများ(solar flares) နှင့် နေရောင်ခြည်ဖြစ်စဉ်များကို လေ့လာနိုင်ရန်အတွက် အရေးကြီးသော အချက်အလက်များကို ထောက်ပံ့ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ISRO ကပြောကြားခဲ့သည်။ နေရောင်ခြည် စူးစမ်းလေ့လာရေးယာဉ်မှ စုဆောင်းရရှိသည့် ဒေတာအချက်အလက်များသည် လာမည့်အောက်တိုဘာလတွင် စတင်ရန်စီစဉ်ထားသော အိန္ဒိယနိုင်ငံ၏ ပထမဆုံး လူလိုက်ပါမည့် အာကာသပျံသန်းမှုအစီအစဉ်တစ်ခုဖြစ်သော Gaganyaan အမည်ရှိ မစ်ရှင်အတွက် အာကာသယာဉ်မှူးများကို လေ့ကျင့်ပေးရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူတစ်စု၏ မိုက်မဲမှုကို ဒေသခံလူအများက ခံနေရပြီး အကြမ်းဖက်မှုများရှိသော နယ်မြေ၌ ဖွံ့ဖြိုးရေးလုပ်ဆောင်၍မရဟု တပ်ချုပ်ပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ