ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရှုပ်ထွေးနေသည့်ဆက်သွယ်ရေးကြိုးများရှင်းလင်းပေးရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထား
NSS - ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများဖြစ်သည့် (ဖုန်းလိုင်း၊ အင်တာနက်လိုင်းကြိုး)များကို စနစ်တကျရှင်းလင်းပေးရန် မှတ်ပုံတင်ထားသောဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်ကြီးကို စိမ်းလန်းသာယာလှပရေး၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးတိုင်များနှင့် လျှပ်စစ်ဓာတ်တိုင်များပေါ်၌ သွယ်တန်းထားသည့် လမ်းဘေးဝဲ/ယာရှိ ကြိုးများသည် ရှုပ်ထွေးပြီး အမြင်မတင့်တယ်မှုများဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ပြောသည်။
ထို့ကြောင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ စနစ်တကျ ဖြစ်စေရေး မြေပြင်တွင် ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေး (Operator) ကြီးလေးခု၊ ဆက်သွယ်ရေးကြိုးများ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် Last Mile ကုမ္ပဏီခြောက်ခု၊ Smart Pole ကုမ္ပဏီလေးခု၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင် မှတ်ပုံတင်ထားသော ဆက်သွယ်ရေးကုမ္ပဏီ ၂၃ ခုအနေဖြင့် အမြန်ဆုံးရှင်းလင်းပြီး စနစ်တကျဖြစ်စေရေးအတွက် ဆောင်ရွက်ကြရန် ထုတ်ပြန်ညွှန်ကြားထားခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၁ ခုနှစ် တွင် စာချုပ်ချုပ်ဆိုပြီးဖြစ်သော ကုမ္ပဏီ ၁၀ ခုတို့သည် ကြိုးများရှုပ်ထွေးခြင်းကို ရှင်းလင်းခြင်းလုပ်ငန်း၊ ပြည်လမ်းတစ်လျှောက်နှင့် ကမ္ဘာအေး ဘုရားလမ်း၊ ဝေဇယန္တာလမ်းအား Under Ground သို့ သွယ်တန်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးခြင်းမရှိပါက စာချုပ်ပါအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ လုံခြုံရေးနှင့် တွဲထားသော အင်တာနက်လိုင်းများကို ကုမ္ပဏီအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ စာချုပ်ပါအတိုင်း ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် စာချုပ်သက်တမ်းတိုးပေးမည် မဟုတ်ကြောင်းနှင့် စာချုပ်ပါစည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြကြရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ်မြို့နယ်တွင် အမျိုးသား(၂)ဦးအား PDF အဖွဲ့က လက်ပြန်ကြိုးတုပ်၍ ဓား၊ သေနတ်တို့ကိုအသုံးပြုကာ သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ