AI နည်းပညာက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲ သတိပေး
Pika (NSS) - ဇူလိုင် ၁၉
AI နည်းပညာသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် AI နည်းပညာကို ထိန်းသိမ်းရန်အတွက် အစီအစဉ်များ လုပ်ဆောင်ထားရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ အန်တိုနီယိုဂူတာရက်စ်က "AI နည်းပညာဟာ ကျွန်တော်တို့ရဲ့ လူမှု ဘဝတွေအပေါ် သက်ရောက်မှုတွေရှိပါတယ်။ AI နည်းပညာဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့အလားအလာတွေ အများကြီးရှိပါတယ်။ အကောင်းဖက်ကဆိုရင် ဆင်းရဲမွဲတေမှုတွေကို အဆုံးသတ်ဖို့ ဒါမှမဟုတ် ကင်ဆာရောဂါကို ကုသတဲ့နေရာတွေမှာ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ အဆိုးဖက်ကဆိုရင်တော့ အဲဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနေနိုင်ပါတယ်" ဟု ပြောခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗားလီး က "AI ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိလာစေနိုင်ပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို အနှောင့်အယှက်ပေးလာနိုင်ပါတယ်။ ဒီ AI နည်းပညာဟာ ကာကွယ်ရေး၊ ဟန့်တားခြင်းတွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့အခြေခံယူဆချက်တွေကို စိန်ခေါ်နေသလိုပါပဲ" ဟု ပြောခဲ့သည်။
ထို့အပြင် (၂ဝ၂၆) ခုနှစ်တွင် လူအသေအပျောက်ရှိစေနိုင်သော လက်နက်စနစ်များကိုတားမြစ်နိုင်မည့်စာချုပ်ကို ချုပ်ဆိုရန် အဖွဲ့ဝင်နိုင်ငံများကို အန်တိုနီယိုဂူတာရက်စ် က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ AI နည်းပညာကို အကြမ်းဖက်မှုပုံစံများကို ခွဲခြားသတ်မှတ်ရန် (သို့မဟုတ်) အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန် အသုံးပြုနိုင်သော်လည်း ၎င်းကို အကြမ်းဖက်သမားများ (သို့မဟုတ်) အစိုးရများက ဆိုးရွားသောရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ဆိုပါက ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုများ နှင့် ပျက်စီးမှုများကို ဖြစ်စေနိုင်ကြောင်း အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောဆိုခဲ့သည်။
AI နည်းပညာကို နျူကလီးယားလက်နက်စနစ်များ (သို့မဟုတ်) ဇီဝနည်းပညာ နှင့် ချိတ်ဆက်အသုံးပြုပါက ပျက်စီးမှုများဖြစ်စေနိုင်ကြောင်း ၎င်းက ထပ်မံသတိပေးပြောဆိုခဲ့သည်။ ထို့အပြင် အန်တိုနီယိုဂူတာရက်စ်သည် ယခုနှစ်ကုန်တွင် AI နည်းပညာကို စီမံခန့်ခွဲရန်အတွက် ရွေးချယ်စရာများကို လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း လည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်လံ-ပြည်ကားလမ်းပေါ်တွင် မြရတနာ Express ကားနှင့် သုံးဘီးဆိုင်ကယ်တို့တိုက်မိရာမှ တစ်ဦးသေဆုံး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ