မြောက်ကိုရီးယားက လမ်းညွှန်စနစ်အသစ်နဲ့ ရော့ကတ်လောင်ချာကို စမ်းသပ်ပစ်လွှတ်မှုတွေပြုလုပ်
Pika (NSS) - ဩဂုတ် ၂၈
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ လမ်းညွှန်စနစ်အသစ်တပ်ဆင်ထားတဲ့ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာစမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဩဂုတ်လ (၂၈)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့လက်နက်တိုက်ကို အဆင့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေမှုနဲ့အတူ ယခုလိုစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။တောင်ကိုရီးယားနဲ့ အနီးအနားမှာရှိတဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာကို ၎င်းရဲ့စစ်တပ်မှာတပ်ဆင်ပေးမယ်လို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် (၃)လကျော်အကြာမှာ ယခုလိုစမ်းသပ်မှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနဲ့စစ်ရေးအရဆက်ဆံရေးတွေကိုလည်း တိုးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမြောက်တွေနဲ့ခရုဇ်ဒုံးကျည်တွေကို တိုးမြှင့်ထုတ်လုပ်ပြီး ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့အတွက် ရုရှားကို မပို့ဆောင်ခင် စမ်းသပ်နိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ မြောက်ကိုရီးယားဟာ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့ မြောက်ကိုရီးယားဖက်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ပစ်ခတ်မှုစွမ်းရည်နဲ့ထိန်းချုပ်မှုတို့ကို မြှင့်တင်ထားတဲ့ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာဟာ ၎င်းရဲ့လုပ်နိုင်စွမ်းကို အကောင်းဆုံးသက်သေပြနိုင်ခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ အဆင့်မြှင့်တင်မှုထဲမှာ လမ်းညွှန်စနစ်အသစ်၊ ထိန်းချုပ်မှုနဲ့ အဖျက်စွမ်းအားတိုးမြှင့်တာတွေလည်း ပါဝင်တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အသေခံဒရုန်းအသစ်တွေကို ထုတ်ဖော်ပြသပြီးနောက် နှစ်ရက်အကြာမှာ (၂၄၀)မီလီမီတာရော့ကတ်လောင်ချာစမ်းသပ်ပစ်လွှတ်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မှာ ဘိုးရင်းလေယာဉ်တစ်စီးရဲ့ တာယာပေါက်ကွဲမှုကြောင့် ဝန်ထမ်း(၂)ဦးသေဆုံး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ