အမေရိကန်မှာ ဘိုးရင်းလေယာဉ်တစ်စီးရဲ့ တာယာပေါက်ကွဲမှုကြောင့် ဝန်ထမ်း(၂)ဦးသေဆုံး
Pika (NSS) - ဩဂုတ် ၂၈
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် Hartsfield-Jackson Atlanta နိုင်ငံတကာလေဆိပ်မှာ ဩဂုတ်လ(၂၇)ရက်နေ့က ဘိုးရင်းလေယာဉ်တစ်စီးရဲ့ တာယာပေါက်ကွဲမှုကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပြီး အခြားဝန်ထမ်းတစ်ဦး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။
Delta လေကြောင်းလိုင်းပိုင်ဆိုင်တဲ့ ဘိုးရင်း757-232 လေယာဉ်ဟာ ပြီးခဲ့တဲ့ဩဂုတ်လ(၂၅)ရက်နေ့တည်းက Delta Technical Operations Maintenance (Delta TechOps) hangar မှာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ တာယာပေါက်ကွဲမှုဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အချက်ကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်း လင်း မသိရှိရသေးဘူးလို့ သိရပါတယ်။ WSB-TV က'တာယာပေါက်ကွဲမှုကြောင့် သတ္တုအပိုင်းအစတွေလွင့်စင်လာမှုနဲ့အတူ ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပါတယ်။ အခြားတစ်ဦးကတော့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့လို့ ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့ပါတယ်'လို့ ဖော်ပြထားပါတယ်။
တာယာပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူနှစ်ဦးဟာ အသက်(၅၈)နှစ်အရွယ် Mirko Marweg ဆိုတဲ့အမျိုးသားနဲ့ အသက်(၃၇)နှစ်အရွယ် Luis Aldarondo ဆိုတဲ့အမျိုးသားတို့ဖြစ်တယ်လို့လည်း သိရပါတယ်။ ဝန်ထမ်းနှစ်ဦးသေဆုံးမှုကို Delta TechOps လေကြောင်းကုမ္ပဏီ ဥက္ကဋ္ဌ John Laughter က အတည်ပြုပေးခဲ့တယ်လို့လည်းသိရပါတယ်။ ၎င်းက 'ကံမကောင်းစွာနဲ့ပဲ ဒီဖြစ်ရပ်အတွင်း ကျွန်တော်တို့ရဲ့ဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အခြားဝန်ထမ်းတစ်ဦးကတော့ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သေဆုံးသူတွေရဲ့မိသားစုဝင်တွေကိုလည်း ကူညီပံ့ပိုးပေးမှုတွေလုပ်ဆောင်သွားမှာပါ။ ပြီးတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာပြီဖြစ်တဲ့ EXO အဖွဲ့ဝင် Chanyeol
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း