တောင်ကိုရီးယားနိုင်ငံက ဒုတိယမြောက်စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို လွှတ်တင်ရန်စီစဉ်နေ
Pika (NSS) - ဧပြီ ၅
တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ဒုတိယမြောက် ပြည်တွင်းထုတ် စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို လာမည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံမှာ လွှတ်တင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ(၅)ရက်နေ့တွင် အတည်ပြုပြောဆိုခဲ့သည်။
ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်၏ SpaceX ကုမ္ပဏီ Falcon 9 ဒုံးပျံက သယ်ဆောင်ထားသော ပထမဆုံး စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် အတည်ပြုခဲ့ပြီးနောက် အဆိုပါကြေညာ ချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ပထမဆုံးစစ်ဘက်သုံး စပိုင်ဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။
ဒုတိယမြောက် စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ဧပြီလ(၇)ရက်တွင် ပစ်လွှတ်ရန်စီစဉ်ထားသည်ဆိုသည့်အချက်မှာ မှန်ကန်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါပစ်လွှတ်မှုနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို လာမည့်သီတင်းပတ်တွင် ထုတ်ပြန်ပြောကြားသွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြောက်စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို SpaceX ကုမ္ပဏီ၏ Falcon 9 ဒုံးပျံနှင့်အတူ ဖလော်ရီဒါပြည်နယ်ရှိ John F. Kennedy အာကာသစင်တာမှ လွှတ်တင်သွားရန် စီစဉ်ထားကြောင်းသိရသည်။
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယား၏လုပ်ရပ်များကို စောင့်ကြည့်ရန်အတွက် ၂၀၂၅ ခုနှစ်တွင် စစ်ဘက်သုံးစပိုင်ဂြိုလ်တု(၅)လုံးကို လွှတ်တင်ရန် စီစဉ်ထားကြောင်းလည်းသိရသည်။ အဆိုပါဂြိုလ်တု(၅)လုံးသည် ကမ္ဘာပတ်လမ်းထဲသို့ ရောက်ရှိကာ ၎င်းတို့၏မစ်ရှင်ကို စတင်သည်နှင့်တစ်ပြိုင်နက် တောင်ကိုရီးယားစစ်တပ်သည် အချိန်(၂)နာရီတိုင်းပေးပို့သည့် ဓါတ်ပုံများကို အသုံးပြုကာ မြောက်ကိုရီးယား၏အဓိကအဆောက်အဦးများကို စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း အစိုးရပိုင်ရုပ်သံလိုင်း KTV ကဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ကျွန်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ