ဝမ်းတွင်းမြို့နယ်တွင် လူငယ်တစ်ဦး အချိန်ကြာမြင့်စွာ ဂိမ်းဆော့ပြီးနောက် ရုတ်တရက်သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်တစ်ဦး အချိန်ကြာမြင့်စွာ ဂိမ်းဆော့ပြီးနောက် ရုတ်တရက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မျိုးဆက်သစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၁ ရက်)၊ နံနက် ၁၀နာရီခွဲအချိန်တွင် ဝမ်းတွင်းမြို့နယ်၊ သဖန်းကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မိသားစုဝင်တွေပြောတာက ကလေးက နေရောညရောဖုန်းနဲ့ ဂိမ်းဆော့လို့ ဖြစ်တာလို့ပြောကြတယ်။ စဖြစ်တာတော့ ကလေးက ဖုန်းကြည့်နေရင်းနဲ့ ခေါင်းကိုက်တယ်။ နားကိုက်တယ်ဆိုလို့ ဆေးရုံပို့ခဲ့ကြတာ။ ဆေးရုံရောက်တော့ ပါးစပ်ထဲက အမြှုပ်တွေထွက်လာပြီး ဆုံးသွားတယ်လို့သိရတယ်” ဟု မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ သေဆုံးသူသည် အသက်(၁၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မိတ္ထီလာဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ မိတ္ထီလာပြည်သူ့ဆေးရုံမှ တစ်ဆင့် သဖန်းကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လူငယ်များ ဂိမ်းအလွန်အကျွံကစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအကျိုးဆက်များနှင့်ပတ်သက်၍ ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော်က “ဂိမ်းကစားရင်းနဲ့ အသက်သေဆုံးသွားတာတွေက ကမ္ဘာမှာလည်းအများကြီးရှိပါတယ်။ ဂိမ်းကစားတာ များလာတဲ့အခါမှာ အတက်ရောဂါလိုဟာမျိုးရတက်တာတို့၊ လှုံ့ဆော်မှုမဲ့အာရုံမှားတွေရတတ်တာတို့၊ သံသယစိတ်တွေ လွန်ကဲလာတာတို့ လက်ရှိကမ္ဘာကနေပြီးတော့ ဝေးကွာသွားပြီး သူ့ရဲ့ကိုယ်ပိုင်ဂိမ်းကမ္ဘာထဲကိုရောက်သွားတာမျိုးတွေရှိသလို၊ အာဟာရချို့တဲ့တာနဲ့ အိပ်ရေးတွေအရမ်းပျက်တာတွေကြောင့် ရောဂါတွေမျိုးစုံခံစားရတာတွေကလည်းရှိတတ်ပါတယ်” ဟု NSS ကိုပြောသည်။
ထို့ကြောင့် မိဘများအနေဖြင့်လည်း မိမိတို့၏ ကလေးငယ်များအား ဂိမ်းကစားရန် အချိန်သတ်မှတ်ကာ လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိစေရန် ပဲ့ပြင်ထိန်းသိမ်းပေးရန်လိုကြောင်းလည်း ၎င်းကအကြံပြုပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်ဓါတ်ငွေ့ပိုက်လိုင်းတွေ ပေါက်ကွဲမှု နောက်ကွယ်မှာ အစ္စရေးနိုင်ငံ ပါဝင်ဆက်နွယ်နေဟု အီရန်အစိုးရ ဝေဖန်ပြစ်တင်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ