နှစ်ပေါင်း(၅ဝ)ကြာ အသုံးပြုနိုင်ပြီး အားပြန်သွင်းရန်မလိုအပ်သည့် သေးငယ်သော အက်တမ်ဘတ္ထရီကို တရုတ်ကုမ္ပဏီတီထွင်
Pika (NSS) - ဇန်နဝါရီ ၂၉
တရုတ်ကုမ္ပဏီ Betavolt သည် ဒင်္ဂါးပြားအရွယ်အစားထက်ပိုမိုသေးငယ်ကာ နှစ်ပေါင်း(၅၀)ခန့်အသုံးပြုနိုင်ပြီး အားပြန်သွင်းရန်မလိုအပ်သော BV100 ဘတ္ထရီကို မကြာသေးမီက ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အမေရိကန် နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် ၁၉၆၀ခုနှစ်များအတွင်း ယင်းကဲ့သို့ ပါဝါယူနစ်များကို ထုတ်လုပ်ခဲ့ကြသော်လည်း နျူကလီးယားဘတ္ထရီများသည် အရွယ်အစားကြီးမားကာ အန္တရာယ်ရှိပြီး တီထွင်ထုတ်လုပ်ရန် ကုန်ကျစရိတ်များပြားကြောင်းလည်း သိရသည်။
ပထမဆုံးအက်တမ်ဘတ္ထရီများအတွက် ပလူတိုနီယမ်ဒြပ်စင်ကို ရေဒီယိုသတ္တိကြွစွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုခဲ့ သော်လည်း သိပ္ပံပညာများဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ Betavolt ကုမ္ပဏီကထုတ်လုပ်ထားသော BV100 ဘတ္ထရီတွင် ဘေးကင်းစိတ်ချရသော အိုင်ဆိုတုပ်ဒြပ်စင် nickel-63 ကို မှီခိုအသုံးပြုထားကြောင်းလည်း သိရသည်။
15 မီလီမီတာ x 15 မီလီမီတာ x 5 မီလီမီတာမျှသာရှိသော Betavolt ကုမ္ပဏီ၏ BV100 ဘတ္ထရီအသစ်သည် အခြား သာမန်ဘတ္ထရီများနှင့်မတူဘဲ အိုင်ဆိုတုပ်ဒြပ်စင်များပြိုကွဲမှုနှင့်အတူ လျှပ်စစ်ဓါတ်အားများကို အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်ကြောင်းလည်း သိရသည်။ ပေကျင်းမြို့အခြေစိုက် Betavolt ကုမ္ပဏီက ၎င်းတို့သည် ဒင်္ဂါးပြားအရွယ်အစားထက်ပိုမိုသေးငယ်သည့် ပထမဆုံးအဏုမြူစွမ်းအင်ဘတ္ထရီကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအောင်မြင်မှုသည် ဥရောပ၊ အမေရိကန်ပညာရပ်ဆိုင်ရာ နှင့် ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများအားလုံးထက် ရှေ့သို့ခြေတစ်လှမ်းသာစေမည်ဖြစ်ကြောင်းလည်း သိရသည်။ BV100 ဘတ္ထရီသည် သုံးစွဲသူများကို ဘေးအန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်း နှင့် ဘတ္ထရီ၏ အကာအကွယ်များ ထိုးဖောက်ခံရမည်ဆိုလျှင်တောင် ဓါတ်ရောင်ခြည်ဖြာထွက်မှုများ ရှိမည်မဟုတ်ကြောင်း Betavolt ကုမ္ပဏီက အခိုင်အမာပြောထားသည်။
Betavolt ကုမ္ပဏီသည် ယခုနှစ်နှောင်းပိုင်းတွင် BV100 ဘတ္ထရီအများအပြား စတင်ထုတ်လုပ်ရန်စီစဉ်နေပြီး ၂ဝ၂၅ ခုနှစ်တွင် ယခုထက်ပိုမိုကောင်းမွန်သည့်ဗားရှင်းကို မိတ်ဆက်ပေးရန်လည်း စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် လာမည့်အနာဂတ်တွင် Betavolt ကုမ္ပဏီသည် အာကာသဆိုင်ရာလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ AI စက်ပစ္စည်းများ၊ သေးငယ်သောဒရုန်းများ၊ စက်ရုပ်များ နှင့် နှစ်ပေါင်းကြာ(၅ဝ) အသုံးပြုနိုင်မည့် ဘတ္ထရီကို လိုအပ်သည့် မည်သည့်စက်မှုလုပ်ငန်းများကိုမဆို ပစ်မှတ်ထားသွားရန်စီစဉ်နေကြောင်းလည်း သိရသည်။
Betavoolt ကုမ္ပဏီသည် ၂ဝ၂၅ ခုနှစ်တွင် 1-watt အက်တမ်ဘတ္ထရီအသစ်ကို မိတ်ဆက်ရန်စီစဉ်နေပြီး နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အားပြန်သွင်းရန်မလိုအပ်သော စမတ်ဖုန်းဘတ္ထရီများကိုလည်း မြင်တွေ့ရနိုင်ဖွယ်ရှိနေသည်။ ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် "ဒီဘတ္ထရီဟာ စမတ်ဖုန်းတွေလို စက်ပစ္စည်းတွေကို အားပြန်သွင်းစရာမလိုဘဲ အကန့်အသတ်မရှိ အသုံးပြုစေနိုင်မှာဖြစ်သလို ဒရုန်းတွေကိုလည်း မြေပြင်ကို ဆင်းသက်စရာမလိုဘဲ ပျံသန်းနိုင်စေမှာပါ" ဟု ရေးသားထားသည်။
လက်ရှိအချိန်တွင် Betavoolt ကုမ္ပဏီသည် စထရွန်တီယမ်-၉ဝ၊ ပရိုမီသီယမ်-၁၄၇ နှင့် deuterium ကဲ့သို့သော အိုင်ဆိုတုပ်ဒြပ်စင်များကို စမ်းသပ်နေပြီး နှစ်ပေါင်း(၂၃ဝ)ကြာ အသုံးပြုနိုင်မည့် ဘတ္ထရီများကို ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီး(၅)ဦးကို တစ်ချိန်တည်းမှာ ကိုယ်ဝန်ရအောင်လုပ်ဆောင်ခဲ့တဲ့ လူငယ်ဂီတပညာရှင်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ