AA ထိုးစစ်ဆင်နေတဲ့ အမ်းမြို့တိုက်ပွဲထဲက AA ၏စစ်ရာဇဝတ်မှုများ
သန့်ဇင် (NSS) - နိုဝင်ဘာ ၂ဝ
ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သော AA နှင့် ပူးပေါင်းအဖွဲ့တို့သည် ရခိုင်ပြည် နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ လူအင်အား အားကုန်သုံးပြီး ထိုးစစ်ဆင်တိုက်ကွက်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ AA လက်နက်ကိုင်အဖွဲ့၏ဗျူဟာအရ အမ်းမြို့ကို လေးဖက်လေးတန်မှ ပိတ်ဆို့ တိုက်ခိုက်နေသော်လည်း တပ်မတော်၏ လေကြောင်းပစ်ကူများ၊ ခြေလျင်တပ်များ၏ တန်ပြန်တိုက်ခိုက်များကြောင့် AA များဘက်တွင် သေဆုံးသူ ပမာဏ အလွန်များပြားနေသဖြင့် အရပ်သားများကိုပင် ချက်ချင်းလက်နက်တပ်ဆင်ကာ တိုက်ခိုင်းခဲ့ရကြောင်းသိရသည်။ တိုက်ပွဲများကြောင့်လည်း အမ်းမြို့နယ်အတွင်း ရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံများစွာ အမ်းမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေလျက်ရှိနေကြသည်။ စစ်ပွဲဖြစ်ပွားပါက ဒေသခံလူထုအနေဖြင့် မည်သည့်အရပ်ဒေသသို့ စစ်ဘေးရှောင်ရမည်ကို လမ်းပျောက်နေသကဲ့သို့ စားဝတ်နေရေး အခက်အခဲများဖြင့်လည်း ကြုံနေရလျက်ရှိသည်။ လတ်တလောတွင် အမ်းမြို့ခံများ ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ NSS က ယုံကြည်စိတ်ချရသည့် အမ်းမြို့ခံတစ်ဦးအား မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး- AA က တိုက်ပွဲတွေမဖော်ဆောင်ခင်က အမ်းမြို့အခြေအနေလေး သိပါရစေခင်ဗျာ။
ဖြေ- အရင်က စစ်မဖြစ်ခင်က အမ်းမြို့က အေးအေး ဆေးဆေးလုပ်ကိုင်စားသောက်လို့ရပါတယ် ခင်ဗျ။ ပြီးတော့ ကျွန်တော်တို့ အမ်းမြို့က မင်းဘူး-အမ်း လမ်းကိုအသုံးပြုပြီးတော့ စားဝတ်နေရေးကို အသက် ဆက်နေရတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။
မေး- အခု အမ်းက ဒေသခံတွေက ဘယ်လိုအခက် အခဲတွေနဲ့ ရင်ဆိုင်နေကြရလဲ ခင်ဗျ။
ဖြေ- အခု မင်းဘူး-အမ်းလမ်းကို ပိတ်ထားတဲ့အနေ အထားဆိုတော့ ကျွန်တော်တို့ အမ်းဒေသခံတွေက ထမင်းငတ်သွားပြီဆိုတဲ့ အနေအထားကို ဖြစ်သွားပါပြီ ခင်ဗျ။ မင်းဘူး-အမ်းက သူတို့ဘယ်လိုပဲတိုက်တိုက် ပစ္စည်း၊ ကုန်ရောင်းကုန်ဝယ်၊ ဆန်၊ ဆီ၊ ဆား အကုန်လုံးက ဒီလမ်းကြောင်း ပွင့်သွားရင် အဆင်ပြေပါတယ် ခင်ဗျ။ အခုက ဒီလမ်းကြောင်းကို ပိတ်ဆို့ထားတယ်ဆို တော့ ကျွန်တော်တို့က ဘယ်မှထွက်လို့မရတဲ့အနေအထားဆိုတော့ အမ်းသူ၊ အမ်းသားမှန်သမျှ ထမင်း ငတ်မတတ်ဖြစ်နေကြပါတယ်။ နောက်ပြီးတော့ ဒေသကနေထွက်သွားတဲ့လူတွေကို ဖမ်းတယ်။ ရခိုင်ပြည်နယ်ထဲကို ထွက်ရင်မဖမ်းဘူးဆိုတော့ ဒေသခံတွေက အထွက်မှာလည်းခက်တယ်။ အနေမှာ လည်းခက်တယ်။ ကျွန်တော်တို့က စစ်ဘေးစစ်ဒဏ် ကြားထဲမှာ ညပ်နေတဲ့အနေအထားမှာရှိပါတယ်။ ဒီလူတွေကိုသွားပြောပြန်ရင်လည်း ဖမ်းပြီးဆွဲသွားတဲ့ လူတွေကများနေတာဆိုတော့ ထွက် မယ့်လူတွေက လည်း မထွက်ဝံ့ဖြစ်နေပါတယ် ခင်ဗျ။
မေး-မြို့အနီနားမှာ တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ဒေသခံတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေရပါသလဲခင်ဗျ။
ဖြေ- AA ကတိုက်ပွဲဖော်ဆောင်နေတဲ့ နေရာတွေ ကလည်း အရင်က တောနယ်တွေကဖြစ်ပြီး အခုဆို မြို့နားကပ်လာပြီးတော့ အမ်းကပြည်သူတွေထဲကို ဝင်လာတယ်။ ပြည်သူတွေကလည်း သူတို့နေတဲ့ နေ အိမ်တွေကိုစွန့်ခွာပြီး အမှတ်(၃)ကို ရွှေ့ရတယ်။ လေယာဉ်ကွင်းဘက်ကိုရွှေ့။ အဲဒီလို ရွှေ့ပြောင်းနေ ရတာဆိုတော့ ကျွန်တော်တို့မှာ အနေအစားက ကျပ် တည်းပါတယ်။ ဒေသခံတွေကတော့ ရပ်သာ၊ တောင် ညိုကွင်း၊ ကျွဲသလင်း၊ ကံ့ကော်တောင်၊ မီးလောင် ချောင်း၊ ကျောက်ဆန်ကွဲဘက်က လူတွေမှန်သမျှကို အမ်းမြို့က လေယာဉ်ကွင်းရပ်ကွက်ရယ်။ အမှတ်(၅)၊ အမှတ်(၄)၊ အမှတ်(၃)အဲဒီထဲကို ထည့် ထားပါတယ် ခင်ဗျ။ ဒီလူတွေက ကိုယ့်အိုးအိမ်ကိုစွန့်ခွာပြီး လူတင် လွတ်ရာလမ်းကိုလာခဲ့ရတဲ့အတွက် စား ရေးသောက် ရေးကအင်မတန်ခက်ခဲပါတယ်။ ဒီလူ တွေခက်ခဲနေ သလို ဒေသခံမြို့သူမြို့သားတွေကလည်း အင်မတန် ကို ကျပ်တည်းကျဉ်းမြောင်းလာတာကတော့ ကျွန်တော်တို့ လက်တွေ့ခံစားနေရတဲ့ ဖြစ်စဉ်တွေဖြစ်ပါ တယ်။ အဲဒါကြောင့် အခုဒေသခံတွေက စားရေး၊ သောက်ရေးက အဓိက အခက်အခဲကြုံနေရတာ ဖြစ်ပါတယ်။ အခုပြောနေတဲ့ ကျွန်တော်တို့ကိုယ်တိုင် တောင်ငတ်နေတဲ့ အတိုင်းအတာကို ရောက်နေပါပြီ။ ဘာလို့ဆို အခုဆိုရင် အိမ်တစ်အိမ်မှာ ဆန်(၂)ပြည်နဲ့ (၃)ပြည်မရှိတဲ့အိမ်တွေရှိသွားပါပြီ။
မေး-အမ်းမြို့က စီးပွားရေးမှာ ဘယ်အရာကို အခြေ ပြုပြီးနေတဲ့မြို့ပါလဲခင်ဗျ။ အခုအခြေအနေမှာ စီးပွား ရေးတွေ ဘယ်လိုဖြစ်သွားလဲ ခင်ဗျ။
ဖြေ-အမ်းကတော့ မင်းဘူးကို အခြေပြုပြီး အသက် မွေးဝမ်းကြောင်းရှာနေတဲ့လူတွေများပါတယ်။ အဓိက ကတော့ မင်းဘူးနဲ့ ကုန်သွယ်ရေးလုပ်ပြီး စီးပွားရေး အခြေပြုထားတဲ့မြို့ပါ။ စိုက်ပျိုးရေးမှာဆိုရင် ကျွန် တော်တို့အမ်းက သီဟိုဠ်က အများဆုံးထွက်ပါတယ်။ အမ်းက သီဟိုဠ်ဆိုရင် တရုတ်ပြည်ကဝယ်တယ်။ သူ့ ထက်ငါ ဈေးတွေပေးတယ်။ သီဟိုဠ်ရောင်းတဲ့လူတွေ က စီးပွားရေးတော်တော်ဖြစ်တယ်။ အခုအဲဒီလူတွေက သီဟိုဠ်မလုပ်ရတာ တစ်နှစ်ကျော်သွားပါပြီခင်ဗျ။ သီ ဟိုဠ်တွေမကောက်ရ ဝင်လည်းမဝင်ရဆိုတော့ စိုက် ပျိုးရေးသမားတွေကလည်းတော်တော်ခက်ခဲပါတယ်။ အခုဆိုရင် စစ်ဘေးရှောင်ရတဲ့အတွက် လမ်းသမား တွေမှာ လယ်တွေကိုမသိမ်းရ။ ယာတွေ မသိမ်းရ အဖြစ်နဲ့ ဖြစ်နေပါတယ်။ ပြီးတော့ တောင်ပေါ် ချင်း လူမျိုးတွေမှာဆိုရင် နှမ်းခင်းတွေရှိတယ်။ အခုဆိုရင် နှမ်းခုတ်မယ့် အချိန်ရောက်လာတယ်။ နှမ်းခုတ်ဖို့က ဘယ်လိုမှလုပ်လို့မရတဲ့ အခြေအနေကို ဖြစ်နေတယ်။ အခုလို စပါးလည်းမသိမ်းရ။ နှမ်းလည်းမခုတ်ရ ဆို တော့ သူ့ရာသီနဲ့သူ ဆုံးရှုံးပြီးရင်း ဆုံးရှုံးတဲ့အပြင်စား ရေးသောက်ရေးမှာလည်း ဆန်တောင်ဝယ်လို့မရဖြစ်နေတယ်။
မေး-လက်ရှိ အမ်းမြို့က ကုန်ဈေးနှုန်းအခြေအနေနဲ့ ဒေသခံပြည်သူတွေအပေါ် ဘယ်လောက်ထိရိုက်ခတ် မှုတွေရှိနေလဲ။ ဘယ်လို အခက်အခဲတွေကို ခါးစည်းခံ နေရလဲခင်ဗျ။
ဖြေ-အခုဆိုရင် ဆန်တစ်ပြည်ကို ကျပ် တစ်သောင်း (၁၀ဝဝဝ)နဲ့အထက်မှာပေးနေရတယ်ဆိုတော့ မရှိ ဆင်းရဲတဲ့လူတွေအနေနဲ့က အရည်ကျိုသောက်ရ မယ့် အခြေအနေကို ဖြစ်နေပါပြီ။ အရင်ကထက် (၂)ဆကျော်၊ (၃)ဆလောက်ကို ခုန်တက်သွားတဲ့ အခြေ အနေပေါ့။ အရင်က ဆန်တစ်ပြည်ကို ငွေကျပ် (၃၅၀ဝ)၊ (၃၆၀ဝ)ရှိပါတယ်။ အခုက ဆန်ကြမ်း တောင် ကျပ်(၁၀ဝဝဝ)ကျော်နေပါတယ်။ စားဝတ် နေရေးကတော့ တော်တော်ကို ခက်ခဲနေပါတယ်။ အခြေခံစားသောက်ကုန်ဈေးတွေက အရင်ကထက် (၂)ဆ၊ (၃)ဆလောက် ခုန်တက်နေပါတယ်။ ငရုတ် တစ်ပိဿာကို ကျပ်(၃၀ဝဝဝ)ကျော်တယ်။ ဆီ တစ် ပိဿာကို ကျပ်(၂၅၀ဝဝ)ကနေ ကျပ်(၃၀ဝဝဝ)အထိ ဖြစ်နေပါတယ်။ အခြေခံ စားသောက်ကုန်ဈေးနှုန်း တွေကလည်း ခုန်တက်နေတာ။ အရင်က တစ်လ လောက်စားရမှာကို အခုက တစ်နေ့လောက်နဲ့ ကုန် ခမ်းသွားပါတယ်။
မေး-နပခရှိတဲ့ အမ်းကို AA က ဘယ်အချိန်လောက် တည်းက စပြီးတိုက်ခိုက်ခဲ့တာလဲခင်ဗျ။
ဖြေ- AA ထိုးစစ်ဆင်တာက (၁၀) လပိုင်း (၄) ရက် ကနေ စပြီးပြင်ဆင်တယ်လို့ပြောပါတယ်။ ကျွန်တော် တို့ကလည်း အဲဒီလောက်မှ သတင်းကြားတယ်။ စဖြစ် တာကတော့ ကျွန်တော်တို့ မီးလောင်ချောင်းကျေးရွာ မှာ စပြီးတော့ဖြစ်ပါတယ်။ အဲဒီဘက် ဒေသတွေမှာ တော့ ပြည်သူတွေအရပ်သားတွေက မွှားလောက် တောင်မရှိတော့ဘူး။ အကုန်လုံး အမ်းမှာရောက်နေ ကြပြီ။ အဲဒီနေရာတွေလည်း ပြန်လှည့်ကြည့်လို့ မရ တော့ပါဘူး။ အဲဒီဘက်မှာရှိတဲ့ အိုးအိမ်တွေလည်း မရှိတော့ဘူး။ အားလုံးကုန်သွားပြီ။
မေး - အခုနောက်ပိုင်းမှာ အမ်း အနီးနားမှာရှိတဲ့ တပ်မတော်စခန်းတွေကို AA ကသိမ်းလိုက်နိုင်တယ် ဆိုပြီး သတင်းတွေထွက်လာတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံတစ်ယောက်အနေနဲ့ ဘာတွေသိထားပါသလဲခင်ဗျ။
ဖြေ-အဲဒါကတော့ ကျွန်တော်တို့ အမ်းမြို့မှာ တပ်ရင်းက (၁၇)ရင်းရှိတယ်။ တပ်ရင်း(၁၅)ရင်းကို သိမ်းတယ်။ တိုင်းစစ်ဌာနချုပ်ထဲမှာ နေတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒါအမှားတွေပါ။ (၃၇၁)တို့၊ (၃၇၃)တို့တပ်ရင်းတွေကတော့ သူ့နေရာနဲ့သူရှိတယ်။ သူတို့ ဝင်ပြီး တိုက်ရင်လည်း ခဏလေးနဲ့ ထွက်ပြေးသွားရပါတယ်။ လေယာဉ်နဲ့လိုက်ရှင်းတယ်။ ခြေလျင်ကလည်း လက်နက်ကြီးပစ်ကူနဲ့ဆိုတော့ AA တွေပြေးရတာပေါ့။ အခု ရခိုင်ပြည်နယ် အမ်းမြို့မှာဖြစ်တဲ့ကိစ္စကိုတော့ ကျွန်တော်ပြောချင်တာကတော့ မီဒီယာတွေ ကိုပဲ။ မီဒီယာတွေက (၂)ဖက်မျှမျှတတ မပြောတဲ့အပြင် ကျွန်တော်တို့ တိုင်းရင်းသားလူငယ်လေးတွေ အ သက်တွေ ပေးနေရတယ်ခင်ဗျ။ မီဒီယာတွေကနေ တပ်မတော်ကတော့ ဘယ်လောက်ကျတယ်။ AA ကဘယ် လောက်ကျတယ်။ သေသေချာချာလေး ထုတ်ပြခဲ့ရင် သေဖို့တော့ လူတိုင်းကြောက်ကြပါတယ်။ အခုပြောနေတဲ့ မီဒီယာတွေ မဇ္ဈိမတို့၊ ဧရာဝတီတို့၊ ခေတ်သစ်တို့က တင်ထားတာလေး တွေ့ထားတာ။ အမ်းကိုသိမ်းလိုက်ပြီ။ အမ်းမြို့ကိုရထားပြီ။ ဘယ်တပ်တွေကို ရသွားပြီ။ သူတို့က တင်ထားတယ်။ တကယ်တမ်းမှာ သေနေတာက ကျွန်တော်တို့ ရခိုင်လူငယ်တွေ သောင်းဂဏန်းအထိရှိသွားပြီ။
မေး-အမ်းကို ထိုးစစ်ဆင်နေတဲ့ AA လက်နက်ကိုင်အဖွဲ့မှာ ဘယ်လူမျိုး၊ အဖွဲ့အစည်းတွေပါဝင်တယ်လို့ သိရသလဲခင်ဗျ။
ဖြေ-အခြားဆိုရင် PDF ပါ ပါတယ်။ ပြီးတော့ MNDAA နဲ့ TNLA ကလည်း ထပ်ပြီးကူတယ်လို့ သတင်းရပါတယ်။
မေး-ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ စားဝတ် နေရေးအခက်အခဲအပြင် ဘယ်လိုအခက်အခဲတွေနဲ့ ဆက်ပြီးရင်ဆိုင်နေရလဲခင်ဗျ။
ဖြေ-တိုက်ပွဲတွေကြောင့် စားဝတ်နေရေးတင် မကပါ ဘူး။ အသက်ဘေးကိုပါ ကြည့်ရှောင်နေရပါပြီ။ ကျွန် တော်တို့ အမ်းမြို့ဆိုတာက မင်းဘူးနဲ့ အဓိက ကုန်ဆက်သွယ်တဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ အေးအေးဆေး ဆေး လုပ်ကိုင်စားသောက်နေတဲ့ မြို့လေးက အခုအချိန်မှာ ကမ္ဘာကြီး မီးလောင်သလိုဖြစ်နေတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပါပြီ။ အဲဒီထဲမှာ စားဝတ်နေရေးကို ဖြေရှင်းရတာက တစ် ကြောင်း။ ကိုယ့်အသက်ဘေးကို လုပြေးနေရတာက တစ်ကြောင်း။ အကုန်ဒုက္ခတွေကိုတွေ့နေရတာပါ။
မေး-စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းအပြင် ဆေးဝါးနဲ့အခြားသော ဈေးနှုန်းတွေမှာကော ဘယ်လို အခြေအနေရှိပါသလဲခင်ဗျ။
ဖြေ-စားသောက်ကုန်ဈေးနှုန်းကြီးတာက သူတို့က လမ်းကိုပိတ်ထားလို့ ဖြစ်တာပါ။ တပ်က လမ်းကိုဖွင့်တယ် သူတို့က လမ်းကိုပိတ်ထားတဲ့အခါမှာ ကျွန် တော်တို့က သွားလို့မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေက ကြောက်ရတဲ့အခါ ကုန် လည်းချလို့ မရတော့ဘူး။ လူလည်း သွားလို့မရတော့ဘူး။ အဲဒီတော့ ရှိတဲ့ပစ္စည်းလေးတွေကို ထိန်းသိမ်း ပြီးတော့ စားသုံးနေရတဲ့အတွက် အခက်အခဲတွေဖြစ် ပါတယ်။ ဒီနေ့ဖွင့်ပေး လိုက်လို့ ဒီနေ့ကုန်စည် စီးဆင်းသွားရင် ဒီနေ့အမ်းမှာ အသက်ရှူချောင်သွားမှာပါ။ အခုသူတို့(AA လက်နက်ကိုင်အဖွဲ့)ပိတ်ထားတယ်။ လမ်းမှာသစ်ပင်ကြီးတွေကိုလှဲ မိုင်းတွေထောင်လမ်းတွေပိတ်ဆို့ ဆိုတော့ ကျွန်တော်တို့ အမ်းသူ အမ်း သားတွေ ထွက်ပေါက်လည်း မရှိ၊ ဝင်ပေါက်လည်း မရှိဖြစ်နေပါတယ်။ ဆေးဝါးကတော့ အရင်က လက် ကျန်ကလေး ဆိုင်တွေမှာရှိတာ။ အခုက Paracetamol (ပါရာစီတမော)တောင် ပြတ်နေပြီ။ ကျန်းမာရေးအနေနဲ့ဆိုရင် လူတွေက အများကြီးဒုက္ခဖြစ်နေပြီ။ ရာသီအပြောင်းလဲနဲ့ နေမကောင်းတွေကဖြစ် ဆေးဝါး တွေကမရှိ။ ကလေးတွေဆို ကျန်းမာရေးက ချို့တဲ့နေ တာ တော်တော်ကို ဒုက္ခတွေများနေပါတယ်။ အခက်အခဲကတော့ ကျန်းမာရေးမှာ ဆေးဝါးနဲ့ စားရေး သောက်ရေးကတော့ အရေးကြီးဆုံးပါပဲ။ အဓိကဆန် ပေါ့။
မေး - အမ်းအနီးနားဒေသမှာ တိုက်ပွဲဖြစ်နေတာတွေ ရှိလားခင်ဗျ။
ဖြေ - အခုသိမ်းခံထားရတဲ့ မူးမြေတစ်ဝိုက်မှာပဲ ရှိတော့တယ်။ အဲဒီဘက်မှာ တပ်မတော်ကလည်း ထိုးစစ် မရှိပါဘူး။ အောက်ဘက်တွေမှာတော့ ပြည်သူတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဘက်ကို ရောက်လာတဲ့ ရွာ(၁၉)ရွာက လူတွေဟာ အင်မတန် မှကို ခက်ခဲနေပါတယ်။ အဲတော့ အမ်းမြို့မှာ လူဦးရေ များလာတဲ့အခါမှ အမ်းမြို့ထဲမှာရှိတဲ့ ဆန်တွေလည်း ကုန်သွားတဲ့အတွက် အကုန်လုံးခက်ခဲနေ ကြတယ်။ ဒီလိုခက်ခဲတာမျိုးတော့ ကျွန်တော့်တစ်သက်မှာ မကြုံဖူးပါဘူး။ တချို့ဆိုရင် ကလေးသူငယ် တွေ သနားဖို့တောင်ကောင်းတယ်။ စားရေးသောက် ရေးတွေခက်ခဲတဲ့အတွက် ကလေးတွေ ရုပ်တွေက အရင်နဲ့တောင်မတူတော့တဲ့ ပုံစံမျိုးတွေ ပေါ်လာ တာရှိတယ်။ အဲဒါကြောင့် နိုင်ငံတော်အနေနဲ့လည်း ကျွန်တော်တို့ အမ်းသူအမ်းသားတွေကို စစ်ဘေး ရှောင်တွေရောပေါ့နော်။ အကုန်လုံးကို ကူညီပေးစေ လိုပါတယ်။ အဲဒါတော့ မေတ္တာရပ်ခံချင်ပါတယ်။
မေး- အမ်းမှာက ဆက်သွယ်ရေးလိုင်းတွေက မကောင်းဘူးလို့သိရတယ်။ ဘယ်လိုအခြေအနေ ရှိပါသလဲခင်ဗျ။
ဖြေ-ဆက်သွယ်ရေးလိုင်းတွေကတော့ တော်တော်ကိုမကောင်းတာပါ။ တာဝါတိုင်တွေ ပိတ်တာတွေရှိ တယ်။ အဲဒီလိုတွေဖြစ်နေတော့ ဆက်သွယ်ရေးတွေ လည်း အခက်အခဲတွေဖြစ်နေပါတယ်။ ဖုန်းအားဖြည့် ရင်လည်း ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲသွားပြီး ဖုန်းအားဖြည့်ရပါတယ်။ ဘုန်းကြီးကျောင်းမှာ မီးစက် လေးနှိုးတဲ့အခိုက်မှာသွားဖြည့်ရတယ်။ လျှပ်စစ်မီးက လည်းမလာပါဘူး။ ဆိုလာပြားတွေ ဘက်ထရီအိုးတွေ ကလည်း များများစားစားမရှိတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ အဲဒါတွေမှာ ဆက်သွယ်ရာမှာ အခက်အခဲတွေရှိပါတယ်။
မေး-အနယ်နယ်အရပ်ရပ်က ဒေသခံတွေကလည်း အမ်းမြို့ကိုလုံးဝင်လာတယ်။ ပြီးတော့ စားဝတ်နေရေး တွေပါ အခက်အခဲဖြစ်နေတာဆိုတော့ ခိုးဆိုးလုယက်မှုတွေကော ကြုံနေရလား။
ဖြေ-မြို့ထဲမှာ အမှတ်(၃)၊ (၂) (၁)မှာလည်း စစ်ဘေး ရှောင်တဲ့လူတွေရှိတယ်။ ကျွန်တော်တို့ ဘက်မှာလည်း စစ်ဘေးရှောင်တဲ့လူတွေရှိတယ်။ အဲဒီမှာ တချို့က စားရေးသောက်ရေးအခက်အခဲဖြစ်တော့ နေအိမ် တွေပေါ်တက်ပြီး ရှာကြတာတွေရှိတာပေါ့။ အမ်း မြို့ပေါ် တွေမှာလည်းရှိတယ်။ ဘေးနားက ရွာတွေမှာ တော့ ပြန်ကိုမသွားရဲကြဘူး။ ကိုယ့်အိမ်ကိုတောင် ပြန်သွားလို့မရကြဘူး။ ပြန်သွားလို့တွေ့ရင် ဗဗ တွေ က ဆွဲခေါ်သွားတယ်ဆိုတော့ ဘယ်သူက ပြန်သွားရဲကြတော့မှာလဲ။ မသွားဝံ့ကြတော့ဘူး။ မိန်းမတွေ့ရင် မိန်းမကိုခေါ်တယ်။ ယောကျာ်းတွေ့ရင် ယောကျာ်း ခေါ်တယ်။ အဲဒါကြောင့် ဘယ်သူမှကိုယ့်ရွာကို မပြန်ရဲ ကြတော့ဘူး။ မြို့ပေါ်မှာပဲ ဖြစ်သလိုစားသောက်နေကြ ရပါတယ်။
မေး-အရင်က AA ရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ ဒေသခံ(၁၀ဝ)ကျော်ကကော လက်ရှိအချိန်ထိ ပြန် လွှတ်ပေးတယ်လို့ ကြားမိလားခင်ဗျ။
ဖြေ - အဲဒီလူတွေ အခြေအနေက ဘာမှသတင်း တောင်မရဘူး။ သတင်းအစအနလေးတောင် မရပါ ဘူး။ အဲဒီနောက်ဘက်မှာကိုပဲ ထပ်ပြီးတော့ လူ(၁၀ဝ)လောက်ပါသွားတယ်။ AA ကဖမ်းဆီးခေါ်သွားတာ။ ပြန်ပေးဆွဲတာထက်ကို AA ကတပ်သားစုဆောင်းဖို့ ဖမ်းခေါ်သွားတယ်လို့ပဲ ကျွန်တော်တို့ဒေသခံတွေက မြင်ပါတယ်။ ဒါကြောင့် ဒီဟာတွေက စစ်ရာဇဝတ်မူ တွေကျူးလွန်နေတာ များတောင် များနေပြီလို့ ပြောလို့ရတယ်။
မေး - နောက်ဆုံးတစ်ခုအနေနဲ့ကတော့ အမ်းမှာ ကျန်းမာရေးနဲ့ ပညာရေးအခြေအနေ ဘယ်လိုရှိပါ သလဲခင်ဗျ။
ဖြေ-ပညာရေးကတော့ အခုအချိန်မှာ လုံးဝ ကျောင်းမတက်ရတော့ဘူး။ ကျန်းမာရေးကတေ့ ဆေးဝါးမရှိ တာ။ ဆေးခန်းရှိပြီးတော့ ဆေးမရှိတာနဲ့ ကုလို့ မရတော့ဘူးဖြစ်နေကြတယ်။ အမ်းမှာကတစ်ခုရှိတာက ဆေးရုံထဲမှာ နိုင်ငံတော်ကပို့ထားတဲ့ဆေးတွေကို ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေချန်ခဲ့ပြီး ဆရာဝန်တွေက အဲဒီဆေးတွေကို ခိုးပြီးထွက်သွားတယ်လို့ မြို့ထဲမှာနာမည်ကြီးနေပါတယ်။ အဲဒါက ရက်ပေါင်း(၂၀)ကျော်ပြီ။ ဆေးရုံမှာ ဆရာဝန်ကြီးတော့ရှိတယ်။ ဆေး ကို ကိုင်တဲ့ ဆရာဝန်တွေက ဆေးတွေအားလုံးကိုယူပြီး ထွက်ပြေးသွားတယ်လို့ ကျွန်တော်တို့ သတင်းရထားပါတယ်။ အဲဒီတော့ ဆေးရုံပဲရှိပြီး ဆေးမရှိတာဖြစ် နေတာပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတပြော
RELATED POSTS
03 Oct 2024 | အင်တာဗျူး,ပြည်တွင်း