ထမင်းတစ်နပ်(၁၂၀ဝ)ကျပ် နှင့် ပဲ့ကိုင်ရှင်၏စိန်ခေါ်မှု
ယွန်း (NSS) - နိုဝင်ဘာ ၁၄
ပြည်တွင်း၌ ရွှေဈေးနှင့် ဒေါ်လာဈေးအပြောင်းအလဲအပါအဝင် ဝိသမလောဘသားများ၏ ကောလာဟလများကြောင့် စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းပြောင်းလဲမှုဒဏ်ကို ပြည်သူလူထု အနေဖြင့် ယခင်ထက်ပိုမိုရင်ဆိုင်နေကြရသည်။ ဈေးကွက်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် တစ်သိန်းနီးပါး ပေါက်ဈေးရှိနေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် အထွေထွေကုန်ကျစရိတ်များကြောင့် ပြည်သူများအနေဖြင့် ငွေကြေးကို ယခင်ထက် ခြိုးခြံချွေတာစွာဖြင့် သုံးစွဲ နေကြရသည့် အနေအထား ဖြစ်သည်။ ထို့ပြင် နယ်မြေမငြိမ်သက်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုပိတ်ထားရပြီး ပြည်တွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်မှု များမှာ အမြင့်ပိုင်းတွင်သာ ဆက်လက်ရပ်တည်နေကြောင်းလည်း တွေ့မြင်နေရသည်။ ထိုသို့သောအခြေအနေများတွင် အခြေခံပြည်သူများအတွက်ရည်ရွယ်ပြီး ထမင်း တစ်နပ် (၁၂၀ဝ)ကျပ်ဖြင့်ရောင်းချသော “ပေါချောင်ကောင်း” အမည်ရှိ ထမင်းဆိုင်တစ်ဆိုင် ထွက်ပေါ် လာသည်ကိုလည်း တွေ့မြင်ရသည်။ လက်ရှိအ ခြေအနေများနှင့်ပတ်သက်၍ ကုန်ဈေးနှုန်းကိုအံတုကာ အခြေခံ ပြည်သူများအား ထမင်းတစ်နပ်ကို (၁၂၀ဝ)ဖြင့်ရောင်းချနိုင်ရန်အတွက် စီစဉ်နေရသည့် အခြေအနေ၊ စိန်ခေါ်မှုများ၊ စီမံတွက်ချက်ရသည့်အခြေအနေများနှင့်ပတ်သက်၍ “ပေါချောင်ကောင်း” ထမင်းဆိုင်၏ပဲ့ကိုင်ရှင် ဦးဝင်းဌေးကို NSS က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ကတော့ အန်ကယ့်အနေနဲ့ ထမင်းဆိုင်ဖွင့်ဖို့ကို ဘယ်လိုစပြီးစိတ်ကူးမိတာ ပါလဲ။
ဖြေ။ ။ ကျွန်တော့်နာမည်ကတော့ ဦးဝင်းဌေးပါ။ အဓိကလုပ်ငန်းကတော့ ဧရာဝဏ်ပုံနှိပ်လုပ်ငန်းလုပ် ပါတယ်။ အခုနောက်ပိုင်းက ပုံနှိပ်လုပ်ငန်းတွေရဲ့အခြေအနေနဲ့ လက်ရှိကာလမှာ တစ်ကမ္ဘာလုံးကျဆင်း သွားတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ ပုံနှိပ်လုပ်ငန်းဘက်ကို အားလျှော့လိုက်တယ်။ ပြီးတော့ ကမ္ဘာ့ဖြစ် စဉ်ရယ်၊ ကမ္ဘာကြီးတစ်ခုလုံးရဲ့ရိုက်ခတ်မှုတွေရယ်၊ ဥရောပ၊ အမေရိကနဲ့ တရုတ်နဲ့ရုရှားဦးဆောင်တဲ့ အဖွဲ့တွေရဲ့ ပဋိပက္ခတွေကြားထဲမှာ ကျွန်တော်တို့နိုင်ငံငယ်လေးတွေကလည်း ကြားညပ်နေရတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်ဖြစ် တဲ့ စားရေး၊ ဝတ်ရေးနဲ့ နေရေး ထဲမှာ အရေးကြီးဆုံး တစ်ခုဖြစ်တဲ့ စားရေးကို နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်သလောက် ပါဝင် ထမ်းဆောင်မယ်ဆိုတဲ့ ဆုံး ဖြတ်ချက်နဲ့ စားသောက်ကုန်လုပ်ငန်းကို စတင်လုပ် ကိုင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဧရာဝဏ်ပုံနှိပ်လုပ်ငန်းလုပ်တုန်းကလည်း KG+12 အစီအစဉ်ဖြစ်တဲ့ ပညာရေး မြှင့်တင်မှု အစီအစဉ်မှာလည်း သင်ရိုးသစ်ကို ပထမဆုံးပြောင်းလဲဖို့နဲ့ ကျောင်းသုံးစာအုပ်တွေရဲ့အရည်အသွေး ကမ္ဘာ့အဆင့်မီဖြစ်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် ဂျာမနီနိုင်ငံကနေတင်သွင်းပြီးတော့ ပထမဦးဆုံး ကျောင်းသုံးစာအုပ်တွေကို စတင်ပုံနှိပ်ပြီး နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအခြေအနေ မှာတော့ ပုံနှိပ်လုပ်ငန်းရဲ့အခြေအနေဟာ မြန်မာနိုင်ငံမှာရော ကမ္ဘာတစ်ခုလုံးကျဆင်းသွားတာဖြစ်တဲ့အ တွက် ပုံနှိပ်လုပ်ငန်းရဲ့ တချို့သောရင်းနှီးမြှုပ်နှံမှုတွေကို ဒီဘက်က စားသောက်ဆိုင်လုပ်ငန်းဘက်ကို ပြောင်းလဲပြီးတော့ ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်ပါတယ်။ နောက်တစ်ခုက တောခြောက်ခံထားရတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေကို ကျွန်တော် တတ်နိုင် သလောက်ပူးပေါင်းပြီးတော့ နိုင်ငံသား တစ် ယောက်အနေနဲ့ တာဝန်ယူမယ်။ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။
မေး။ ။ “ပေါချောင်ကောင်း”ဆိုပြီး ဆိုင်နာမည်လေး ပေးဖြစ်ခဲ့ပုံကိုလည်း သိပါရစေ။
ဖြေ။ ။ အဲဒီလိုလုပ်တဲ့အခါမှာ ဘာလေးနဲ့လုပ်ချင်လဲဆိုပြီး နာမည်ကိုစနစ်တကျ ရွေးချယ်လိုက်ပါတယ်။ ဘယ်လိုရွေးချယ်လိုက်လဲဆိုရင် ကျွန်တော်တို့ဟာ အကောင်းဆုံးအရသာကိုပေးပြီး အကောင်းဆုံးနဲ့ အ သန့်ရှင်းဆုံး ကြိုးစားဆောင်ရွက်ပြီးတော့ ဈေးနှုန်းကို ပူးပေါင်းဆောင်ရွက်နေတဲ့ ကလေးတွေရဲ့နေထိုင်စ ရိတ်နဲ့ မိဘကိုပြန်လည်ထောက်ပံ့နိုင်ဖို့အတွက်ကို တွက်ချက်ပြီးတော့မှ အနိမ့်ဆုံးဈေးနှုန်းကိုသတ်မှတ် ပြီးရောင်းမယ်ဆိုပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ ကြောင့် နာမည်ကိုလည်း “ပေါချောင်ကောင်း” ဆိုတဲ့ နာမည်လေးကိုပေးဖြစ်တာ ဖြစ်ပါတယ်။
မေး။ ။ ဆိုင်စဖွင့်တဲ့အချိန်မှာ ဘာကြောင့် ထမင်းတစ်နပ်ကို ငွေကျပ်(၁၂၀ဝ) သတ်မှတ်လိုက်ရတာ လဲရှင်။
ဖြေ။ ။ ဘာဖြစ်လို့ (၁၂၀ဝ) သတ်မှတ်ရတာလဲဆို တော့ အထူးသဖြင့် ဒီနေ့နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာ ကိုကြည့်တယ်။ နောက်တစ်ခုက စက်ရုံ အလုပ်ရုံတွေ မှာ နယ်တွေကနေ ရန်ကုန်လာပြီး အလုပ်လုပ် နေတဲ့ ဝန်ထမ်းတွေရှိတယ်။ အဲဒီဝန်ထမ်းတွေရဲ့ ဝင်ငွေတွေ ရှိမယ်။ နောက်တစ်ခါ ဆိုက်ကားတို့၊ ဘေးတွဲတို့၊ ခေါင်းရွက်ဗြက်ထိုးဈေးသည်တွေနဲ့ နေ့စားဝန်ထမ်း တွေ၊ ကြုံရာကျပန်းဝန်ထမ်းတွေကို တစ်ထောင့်တစ် နေရာကနေ စားရေးအတွက် ကျွန်တော်တာဝန်ယူမယ် ဆိုတဲ့စိတ်နဲ့ ဈေးနှုန်းကို အတတ်နိုင်ဆုံးသက်သာ အောင် သတ်မှတ်ခဲ့တာပါ။ ကျွန်တော် စပြီးရောင်းတဲ့ အချိန်မှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ရဲ့တန်ဖိုးက (၁၆၀ဝဝဝ)ကျပ်ရှိပါတယ်။ ခရမ်းချဉ်သီး တစ်ပိဿာ ရဲ့တန်ဖိုးက (၃၀ဝဝ) ကျပ် ဝန်းကျင်ရှိပါတယ်။ ပြီးရင် စရောင်းတဲ့အချိန်မှာ ဝက်သားတစ်ပိဿာရဲ့ဈေးက (၁၆၀ဝဝ)ရှိတယ်။ ကြက်သားဆိုရင် (၁၂၀ဝဝ)ဝန်း ကျင်ရှိတယ်။ အဲဒီကနေပြီးတော့ လူတစ်ယောက်ကို (၅)ကျပ်သား နှုန်းနဲ့တွက်တယ်။ တွက်ပြီးတော့ ဂက်စ်ဖိုး၊ အခန်းခ၊ ကလေးတွေရဲ့ဝန်ဆောင်စရိတ်တွေနဲ့ တွက်ပြီး တော့မှ ဒါဆိုလို့ရှိရင် ထမင်းအပေါင်း ဟင်း သုံးမျိုးကို (၁၂၀ဝ)နဲ့ရောင်းမယ်ဆိုရင်တော့ ကျွန် တော်တို့ ရဲ့အကျိုးအမြတ်ထက် အခြေခံမှာရှိနေတဲ့သူ တွေရယ်၊ ဝင်ငွေနည်းဝန်ထမ်းတွေရယ် သူတို့တွေရဲ့ စားရေးပေါ့။ တစ်နည်းအားဖြင့် မီးဖိုချောင်တွေကို တာဝန်ယူမယ်ဆိုတဲ့စိတ်နဲ့ ဒါကို စနစ်တကျတွက်ချက် ပြီး ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။
မေး။ ။ ဆုံးဖြတ်ပြီးတဲ့နောက် ထမင်းဆိုင်ဖွင့်ဖို့ကို ဘယ်အချိန်မှာ အကောင်အထည်ဖော်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာပဲ ချက်ချင်း အကောင်အထည်ဖော်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်က စဖွင့်တယ်။ အခု နိုဝင်ဘာ (၂၀) ဆိုရင် ကျွန် တော်တို့ဖွင့်တာ (၇) လရှိပါပြီ။ ကျွန်တော်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှာ ဆိုင်ပေါင်း(၃၀)လောက် ဖွင့်ဖို့ရည်မှန်းထားပါတယ်။ မြို့နယ်တိုင်း မှာပေါ့။ အထူးသဖြင့် ဘုရင့်နောင်ပွဲရုံတန်းတို့၊ အောင်မင်္ဂ လာအဝေးပြေးဂိတ်၊ လှိုင်သာယာ အဝေး ပြေးဂိတ်တို့ကို ရည်မှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့သောခရီးသွားတွေက ရန်ကုန်လာရင် အရမ်းခြိုးခြံ ချွေတာပြီး လာကြတယ်။ အဲဒီလိုချွေတာရတဲ့နေရာမှာ ကျွန်တော့်ရဲ့ ထမင်းတစ်ပွဲ (၁၂၀ဝ)နဲ့ ဆိုရင်တော့ သာမန်လူတစ်ယောက်ဆိုရင် လုံလောက်မယ်လို့ ရည်ရွယ်ထားပါတယ်။ အကြမ်း ဖျင်းတော့ ကျွန်တော့်ရဲ့တွက်ချက်ထားတဲ့အချိန်ကတော့ HR ပေါ့ ကလေး တွေလည်း တာဝန်ယူနိုင်တယ်၊ ကလေး တွေလည်း တတ်ကျွမ်းတဲ့ ချက်ပြုတ်တဲ့နည်းပညာတွေရပြီဆို ရင် တော့ တစ်နေ့ကိုအနည်းဆုံး လူဦးရေ (၃၀ဝဝ)ကနေ (၁၀ဝဝဝ)ကြားကို ရောင်းဖို့စဉ်းစားထားပါတယ်။ ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်းပဲ အကောင် အထည်ဖော်ခဲ့တာ ပါ။ အခုဆိုရင် ကျွန်တော့်ရည်မှန်းချက်ဖြစ်တဲ့ စက်ရုံ အလုပ်ရုံတွေကို ရောင်းချရေး ဆိုတဲ့နေရာမှာ ကိုရီး ယားနိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ အရှေ့ပိုင်းစက်မှုဇုန် မှာရှိတဲ့ ARAO ဆိုတဲ့ ကိုရီးယား အထည်ချုပ်စက်ရုံပေါ့။ လူဦးရေ(၃၀ဝဝ)လောက်တော့ရှိတယ်။ အဲဒီ စက်ရုံကို စတင်ပြီးတော့ ရောင်းချနေပါတယ်။ အခုဆို ရင် တစ်လကျော်သွားပါပြီ။ တစ်နည်းအားဖြင့်ဆိုရင် Foreign Direct Investment တွေကိုလုပ်တဲ့အ ချိန်မှာ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေဟာ အဲဒီစက်ရုံ တွေမှာ အလုပ် လုပ်တယ်။ အလုပ်လုပ်တဲ့အခါမှာ သူတို့ရဲ့စားရေးတွေကို ကျွန်တော့်အနေနဲ့ တာဝန်ယူလိုက်ခြင်း အားဖြင့် သူတို့တွေက ထုတ်လုပ်မှုဘက်မှာ အားကောင်းလာမယ်။ တစ်နည်းအားဖြင့် စက်ရုံတွေရဲ့ သူဌေးစိတ်ချမ်းသာမယ်။ ဒါဆိုလို့ရှိရင် စက်ရုံကဝန် ထမ်းနဲ့ စက်ရုံပိုင်ရှင်တွေက စိတ်ချမ်းသာခြင်းကနေ ထုတ်ကုန်ကောင်းလာမယ်။ ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံမှာရင်းနှီးမြှုပ်နှံတဲ့အတွက် ကျန်တဲ့နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအားလုံးက ကျွန်တော်တို့နိုင်ငံကို ပြန်လာချင်ကြမယ်။ ဒါမှလည်း ကျွန်တော်တို့ဆီ ကနေ ဗီယက်နမ်ကိုပြောင်းရွှေ့သွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့နိုင်ငံက အရာရာ တည်ငြိမ် သွားပြီဆိုရင် ပြန်လာကြမယ်။ နည်းပညာရမယ်။ အရင်းအနှီးရမယ်။ ကျွန်တော်တို့နိုင်ငံသားတွေက တခြားနိုင်ငံကိုသွား လုပ်စရာမလိုဘဲနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့် ပြည်၊ ကိုယ့်မြေမှာ ငြိမ်းချမ်းစွာနဲ့ စားရေး၊ ဝတ်ရေး၊ နေရေးကိုလည်း ကူညီမယ်။ ဘာသာရေးကိုလည်း အားကောင်းအောင်ပြန်လုပ်ကိုင်နိုင် မယ်။ ဒါကြောင့် မို့လို့ အဲဒီလို ရည်မှန်းချက်တွေထားပြီးတော့မှ လုပ်ငန်းလေးကို အကောင်အထည်ဖော် ခြင်း ဖြစ်ပါတယ်။
မေး။ ။ လက်ရှိမှာကော ဖွင့်တာက ဘယ်နှဆိုင်ဖြစ်သွားပြီလဲ။
ဖြေ။ ။ အခုက တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက် ပုဂံလမ်းမှာ ဆိုင်နံပါတ်(၁)ဖွင့်ထားပါတယ်။ အခုဆို ရင်ARAO စက်ရုံကိုလည်း စတင်ရောင်းချပေးနေပါ တယ်။ တခြားစက်ရုံတွေကလည်း သူတို့ဆီမှာ လာ ရောက်ရောင်းချပေးဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ ကျွန်တော်တို့က အရသာအာမခံချက်၊ ဈေးနှုန်း အာမခံချက်၊ သန့်ရှင်းမှုအာမခံချက်၊ ဝန်ဆောင်မှု အာမခံ ချက်၊ ရောင်းချိန်အာမခံချက်ဆိုတဲ့ အာမခံချက် (၅) ရပ်နဲ့လုပ်နေတာဖြစ်တဲ့အတွက် လူ့စွမ်းအားအရင်း အမြစ်က အရမ်းအရေးကြီးပါတယ်။ အဲဒီတော့ လူ့ စွမ်းအားအရင်းအမြစ်ကို စနစ်တကျ ထိန်းချုပ်နေတဲ့ ကာလဖြစ်လို့ မကြာခင်မှာတော့ ဆိုင်ခွဲနံပါတ် (၂)၊ ဆိုင်ခွဲနံပါတ်(၃)တွေကိုတော့ ဆက်ဖွင့်သွားဖို့ စတင် ပြင်ဆင်နေပါပြီ။
မေး။ ။ နောက်တစ်ခု ကတော့ ဘယ်လိုလူတွေက အများဆုံးလာရောက်စားသုံးကြလဲရှင်။
ဖြေ။ ။ ဘယ်လိုလူတွေလာကြလဲဆိုတော့ အားလုံးလာကြပါတယ်။ ကျွန်တော်တို့က လူတိုင်းအတွက် “ပေါချောင်ကောင်း” ဖြစ်တဲ့အတွက် အားလုံးလာကြပါတယ်။
မေး။ ။ ချက်ပြုတ်တဲ့အပေါ်မှာကော ဘယ်လိုစီမံ ခန့်ခွဲထားလဲ။
ဖြေ။ ။ အများအားဖြင့်ကတော့ ကျွန်တော်ကိုယ်တိုင် ဈေးသွားတယ်။ အသား၊ ငါးဆိုလည်း ကိုယ်တိုင် ဝယ်တယ်။ အဲဒီလိုပဲ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှု၊ အသားငါး၊ အသီးအရွက်ကိုင်တွယ်မှုကအစ စနစ် တကျ ဆောင်ရွက်နေပါတယ်။
မေး။ ။ ဒီလိုဆိုင်တွေ ထပ်ပေါ်လာဖို့ကို ဘယ်လောက် အထိမျှော်မှန်းထားလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ကတော့ Infinity ပဲ ဗျ။ တစ်နည်းအားဖြင့် ကျွန်တော်တို့က လူတိုင်းအတွက် “ ပေါချောင်ကောင်း”လို့ ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် စားရေးအပိုင်းကို လူတိုင်းအတွက်ဖြစ်အောင် ကြိုး စားဆောင်ရွက်နေပါတယ်။ အဲဒီကနေပြီးတော့ နောက်ပိုင်းမှာ အသားခြောက်လုပ်ငန်းတွေ၊ Ready Made လုပ်ငန်းတွေ ပြီးရင် အဲဒီကနေတစ်ဆင့် ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားဝန်ထမ်းတွေ အတွက် အတတ်နိုင်ဆုံး “ပေါချောင်ကောင်း” ဆိုတဲ့ မူဝါဒနဲ့အညီ ဆက်လက်ပြီးတော့ ပို့ဆောင်ဖို့အတွက် ကိုဆောင်ရွက်နေပါတယ်။ အဲဒီလောက်အထိကို ရည် မှန်းချက်ထားထားပါတယ်။
မေး။ ။ ဝန်ထမ်းခေါ်ယူမှုမှာဆိုရင်ကော ဘယ်ဒေသ တွေကလူတွေကိုခေါ်တာလဲ။ ဘယ်လိုစီမံထားလဲ။
ဖြေ။ ။ အခုလောလောဆယ်ကတော့ ဧရာဝတီတိုင်း ကျေးလက်ဒေသက မိန်းကလေးတွေကို ခေါ်ထား ပါတယ်။ အထူးသဖြင့် ကရင်တိုင်းရင်းသူလေးတွေကို ခေါ်ထားပါတယ်။ ကျွန်တော်တို့ကျတော့ ဝန်ထမ်း လို့ သဘောမထားဘူး။ ရဲဘော်ရဲဘက်လိုဖြစ်နေတာ။ သူ လည်း Boss ပဲ၊ ငါလည်း Bossပဲ ဆိုတဲ့စနစ်နဲ့ သွားပါ တယ်။ ဝန်ထမ်းဆိုတဲ့စိတ်မရှိဘူး။ ပြီးရင် ဒီကနေရလာ တဲ့အကျိုးအမြတ်တွေကို ဆက်လက်ပြီး ဆိုင်တွေတိုး ချဲ့လာတဲ့အခါမှာ ဆိုင်ခွဲတွေကနေရလာတဲ့အကျိုးအမြတ်ကို အတူတကွဝိုင်းဝန်း စီမံခန့်ခွဲ ပြီး နောက်ထပ် မျိုးဆက်သစ်တွေကို ဒီဆိုင်တွေမှာ ဆက်လက်တွဲခေါ် သွားပြီးတော့ (ကျွန်တော်ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ တခြားနိုင်ငံမှာသွားပြီးတော့ မျက်နှာငယ်ရတဲ့ အလုပ် သမား ဘဝမရောက်ဖို့) သူတို့တွေအားလုံးက နောက်ပိုင်း မှာ ဆိုင်ပိုင်ရှင်တွေဖြစ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။
မေး။ ။ လက်ရှိမှာဆိုရင် ကုန်ဈေးနှုန်းက တက်နေတဲ့ အချိန် အန်ကယ်က (၁၂၀ဝ) တန် ထမင်းဆိုင်ဆိုပြီး ဖွင့်လိုက်တယ်။ (၁၂၀ဝ)နဲ့ရောင်းတာက အန်ကယ့် အတွက် မြတ်ကောမြတ်ရဲ့လား။
ဖြေ။ ။ အဲဒီမေးခွန်းကတော့ အထူးဖြေစရာ မလို ဘူးထင်ပါတယ်။ ဥပမာ- ခရမ်းချဉ်သီးဆိုရင် ဈေး နှုန်းအတက်အကျအပြောင်းအလဲရှိတယ်။ တစ် ခါတစ်ရံမှာ တစ်ပိဿာ(၈၀ဝဝ)အထိရောက်တယ်။ အဲဒါဆိုရင် ခရမ်းချဉ်သီးတစ်လုံးရဲ့တန်ဖိုးက (၁၂၀)နဲ့ (၁၆၀) ကြားမှာရောက်သွားတယ်။ အဲဒီလိုပဲ ချဉ် ပေါင်ရွက်တစ်စည်းကို (၃၀ဝ) နဲ့ဝယ်မယ်ဆိုရင် တစ် စည်းမှာ(၇)ပင်ပါတယ်။ အဲဒီ(၇)ပင်မှာ ချဉ်ပေါင် ရွက် တစ်ရွက်ရဲ့တန်ဖိုးက တစ်ရွက်ကို (၄) ကျပ်ရှိပါတယ်။ ရုံးပတီသီးဆိုရင်လည်း တစ်ခါတစ် ရံမှာ တစ်တောင့် ကို(၁၀ဝ)ဝယ်ရတယ်။ ကျွန်တော်ကိုယ်တိုင်သွားဝယ် ပြီး “ပေါချောင်ကောင်း” ကပါလို့ပြော တော့မှ သူတို့ လည်း ပူးပေါင်းပါဝင်ချင်ပါတယ်ဆိုလိုသာ ဈေးနှုန်း ကို နည်းနည်းချပေးတယ်။ အဲဒါ ကြောင့်မို့လို့လည်း စားသုံးသူတွေကို တစ်နေ့ကို လူ (၆၀ဝ)နဲ့ (၁၀ဝဝ) ကြား ဖြန့်ပေးလို့ရတာ။ တကယ်တော့ (၁၂၀ဝ) ဆို တာ ဖြစ်နိုင်စွမ်းမရှိတဲ့ဈေးနှုန်းပေါ့။ ဒါပေမဲ့ အစစ အရာရာကို အလေ အလွင့်ထိန်းသိမ်းပြီးတော့မှ အ တတ်နိုင်ဆုံး ကုန်ကြမ်းကိုရအောင်ယူပြီး ချက်ပြုတ် ပေးနေပါတယ်။
မေး။ ။ တစ်ဖက်က လာပြီးစားသုံးတဲ့ သူတွေ ဘက်ကကော ဘယ်လို Review မျိုးကိုပြန်ကြားရလဲ။
ဖြေ။ ။ တစ်နေ့တစ်နေ့လာတဲ့ စားသုံးသူများလာလေ လေ ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်နဲ့ အရသာ၊ ကျွန်တော်တို့ရဲ့ခံယူချက်ဖြစ်တဲ့ အာမခံချက် (၅) ခု လက်ခံလို့လည်း ဆိုင်မှာဆိုရင် လူဦးရေ တစ်နေ့ ထက် တစ်နေ့ တိုးတိုးပြီးများလာပါတယ်ဗျ။ ဒါကတော့ ကောင်းတဲ့ Respond လို့လည်း ပြောလို့ ရပါတယ်။
မေး။ ။ နောက်တစ်ခုကတော့ ဒီလိုထမင်းဆိုင်မျိုး တွေ မြန်မာပြည်မှာ ပေါပေါများများရှိလာသင့်တယ် လို့ မြင်မိလား။
ဖြေ။ ။ တစ်ယောက်နဲ့တစ်ယောက်က နာမည်တွေ မတူသလို ရည်မှန်းချက်တွေလည်း မတူကြဘူးလေ။ အဲဒီအတွက် ဒီကိစ္စကိုတော့ ခန့်မှန်းလို့မရဘူး။ ကျွန် တော်ကတော့ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ချင်တယ်။ ဒါကြောင့် နိုင်ငံ သားတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်နေတယ် လို့ပဲ ကျွန်တော့်ကိုယ်ကျွန်တော်သုံးသပ်ပါတယ်။
မေး။ ။ နေ့တိုင်းအတွက်ကို ဆိုင်မှာဟင်းက ဘယ်နှစ်မျိုးလောက်ချက်ရလဲ။
ဖြေ။ ။ အကြမ်းဖျင်းကတော့ မနက်(၁၀)နာရီ လောက်ဆိုရင် ဟင်းအမျိုး(၂၀)ရပါပြီ။ (၁၁)နာရီခွဲ၊ (၁၂)နာရီရောက်ပြီဆိုရင်တော့ ဟင်းအမည်ပေါင်း အကြမ်းဖျင်း(၃၈)မျိုးနဲ့ (၄၀)ကြားမှာရှိပါတယ်ဗျ။
မေး။ ။ (၁၂၀ဝ)အတွက်က ဟင်းက ဘယ်နှမျိုး လောက် ရွေးချယ်ခွင့်ပေးထားလဲရှင်။
ဖြေ။ ။ (၁၂၀ဝ) ထဲမှာတော့ အခြေခံစားကုန်ဖြစ်တဲ့ ကြက်သား၊ ဝက်သား၊ ငါး၊ ငါးဖယ်ငါးဆုပ်ပေါ့။ အဲဒါ ကိုတော့ သူရဲ့အလေးချိန်အတိုင်းပဲ တစ်ပွဲကို (၁၂၀ဝ)နဲ့ရမယ်။ ဆိုင်မှာစားမယ်ဆိုရင်တော့ အရည် သောက်လိုက်ပွဲရမယ်။ ငါးပိရည်၊ အတို့အမြှုပ် လိုက် ပွဲရမယ်။ ပါဆယ်ဆိုရင်တော့ ထမင်းအပေါင်း ဟင်း သုံးမျိုးကို(၁၂၀ဝ)ပါ။
မေး။ ။ နောက်ဆုံးမေးခွန်းကတော့ အန်ကယ်တို့ရဲ့ (၁၂၀ဝ)ထမင်းဆိုင်ရဲ့ အဓိကဆောင်ပုဒ်ကဘာပါလဲ။
ဖြေ။ ။ လူတိုင်းအတွက် “ပေါချောင်ကောင်း”ပါ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်ကယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပွဲထွက်သီချင်းများကို နားထောင်ရုံဖြင့် မည်သည့် နပန်းသမားဖြစ်ကြောင်း အများဆုံး ဖော်ထုတ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အင်္ဂလန်အမျိုးသား
RELATED POSTS
03 Oct 2024 | အင်တာဗျူး,ပြည်တွင်း