ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ယခင်နှစ်ထက် ဘုရားဖူးပြည်သူ ပိုမိုလာရောက်နိုင်ဟု မျှော်မှန်း
ချယ်ရီ (NSS) - နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်သို့ ယခင်နှစ်ထက် ဘုရားဖူးပြည်သူ ပိုမိုများပြားလာရောက်နိုင်ကြောင်း ဂေါပကအဖွဲ့က မျှော်မှန်းထားသည်။
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတွင် ဘုရားဖူးရာသီအဖြစ် သီတင်းကျွတ်ကာလမှစတင်ကာ စုစုပေါင်း(၇)လသတ်မှတ်ထားပြီး လက်ရှိတွင် ဘုရားဖူးပြည်သူ နေ့စဉ် လာရောက်မှုများ ပြားလျက်ရှိကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NSS သို့ ပြောသည်။
“အခုနှစ်က ယခင်နှစ်ထက် ဘုရားဖူးပြည်သူ ပိုများနိုင်တယ်။ မနှစ်က တစ်နှစ်လုံးမှာ ဘုရားဖူးက (၇၂၀၀၀၀) ကျော်လောက် လာတယ်ဗျ။ ဒါ တစ်နှစ်လုံးပေါ့နော်။ ပွဲတော်ရာသီ သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ (၇)လတိုင်တိုင်မှာပေါ့။ အခုလက်ရှိအနေအထားကတော့ တစ်လတောင် မပြည့်သေးဘူးပြောရမှာပေါ့။ သီတင်း ကျွတ်လပြည့်နေ့ကနေ နိုဝင်ဘာ ၁၂ရက်အထိ ပြည်တွင်းဘုရားဖူး (၇)သောင်းကျော်၊ ပြည်ပက (၄ဝဝ)ကျော် လာပါပြီ။ တန်ဆောင်တိုင်ကျရင်လည်း မျှော်မှန်းထားပါတယ်”ဟု ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။
ယခုရက်ပိုင်းအတွင်း၌ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးပြည်သူ (၂)သောင်းဝန်းကျင် လာရောက်ဖူးမျှော်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးပြည်သူများ နေ့စဉ်လာရောက်လျက်ရှိသော်လည်း ကိုဗစ်ကပ်ရောဂါမဖြစ်ပွားမီကာလများနှင့်နှိုင်းယှဉ်ပါက နည်းပါးနေလျက်ရှိကြောင်း သိရသည်။
“နေ့စဉ်တော့ အခြေအနေက အများကြီးတိုးတက်လာပါတယ်။ ကျွန်တော်တို့ (၁၁)လပိုင်း ၁ရက်နေ့ကနေစပြီးတော့ ၁၀ ရက်နေ့အထိဆိုရင် ဘုရားဖူးက ပြည်တွင်းက (၂၆,၇၂၅)၊ ပြည်ပက (၁၃၄)၊ စုစုပေါင်း (၂၆,၈၅၉)။ ပျှမ်းမျှအားဖြင့်ကြည့်မည်ဆိုပါက တစ်နေ့လျှင် ဘုရားဖူး (၂,၀၀၀)ပတ်ဝန်းကျင်တော့ လာတယ်ဗျ”ဟု ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။
ယခင် ကိုဗစ်မတိုင်မီ ကာလများအတွင်း၌ ဘုရားဖူးလာရောက်ကြသူအနည်းငယ်သာ ရှိခဲ့သည့်အပြင် ကိုဗစ်ကာလတွင် ဘုရားပွဲတော်ကို ယာယီပိတ်ထားခဲ့ရသည်။ “မနှစ်က ဘုရားပွဲတော်ကာလ ဒီ(၂၀၂၃/၂၀၂၄)ကာလနဲ့ အခု (၂၀၂၄/၂၀၂၅)ကာလ၊ မြန်မာလိုဆိုရင်တော့ သီတင်းကျွတ်လပြည့်နေ့ကနေပြီးတော့ အခုအချိန်အထိပေါ့။ မနက်ဖြန်၊ သဘက်ခါဆိုရင်ပဲ တန်ဆောင်မုန်းလပြည့်တော့မှာဆိုတော့ သိသိသာသာကို တိုးတက်လာတာ ကျွန်တော်တို့ တွေ့ရ့ပါတယ်ခင်ဗျ” ဟု အထက်ပါ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ဆိုသည်။
ယခုလာမည့် တန်ဆောင်တိုင်ပိတ်ရက်များနှင့် ဒီဇင်ဘာ ခရစ်စမတ်ကာလများတွင်လည်း ဘုရားဖူးလာရောက်ကြသူများ များပြားလာနိုင်ကြောင်း ဥက္ကဋ္ဌ ဦးစိုးလှက ခန့်မှန်းပြောကြားထားသည်။ “ကျွန်တော်တို့လည်း ဒီနှစ်က ဘုရားဖူးပိုပြီးများလာမယ်လို့ မျှော်မှန်းထားပါတယ်။ တည်းခိုဆောင်တို့၊ ဟိုတယ်ဆိုရင် Booking တွေ ပြည့်နေပါပြီ။ သွားရေး၊ လာရေး ကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ရဲ့ ကားတွေ (၁၅၂)စီးလုံးကို အားလုံး ကြံ့ခိုင်ရေးတွေလုပ်ပြီးတော့ လုံခြုံချောမွေ့အောင် ဘုရားဖူးတွေစိတ်ချမ်းမြေ့အောင် အဲဒါတွေလည်း လုပ်ထားပါတယ်” ဟု ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ဘုရားဖူးလာရောက်ကြသော ပြည်သူများ၏ သွားလာရေး၊ စားသောက်ရေး၊ တည်း ခိုရေးနှင့် လုံခြုံရေး စသည့်ကိစ္စရပ်များတွင်လည်း အဆင်ပြေချောမွေ့ရန် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများနှင့် ဂေါပကအဖွဲ့များက ပေါင်းစပ်၊ ညှိနှိုင်းကာ လုပ်ဆောင်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အားဖြည့်အချိုရည်ဘူးအများဆုံးစုဆောင်းနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့တဲ့ အမေရိကန်အမျိုးသား
RELATED POSTS
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း
04 Sep 2024 | ဘာသာရေး,ပြည်တွင်း