နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်
မြူနစ် (NSS) - နိုဝင်ဘာ ၂ဝ
နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရသည်။
“နိုင်ငံရေးပါတီများကြားမှာ ကျွန်တော်တို့ အွန်လိုင်း meeting လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ နိုင်ငံရေးပါတီ (၅၀) ကျော်ပေါ့။ ဒီတန်ဆောင် တိုင်ပြီးသွားရင် လုပ်မှာပေါ့။ ဘယ်ရက်လောက် လုပ်မယ် ဆိုတာကိုတော့ အားလုံးကို တင်ပြရဦးမယ်။ သူတို့ရဲ့သဘောတူညီချက်လေးတွေကိုယူပြီးတော့ လုပ်မှာပေါ့။ ဒီလထဲမှာတော့ ဖြစ်ဖို့များပါတယ်” ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌဦးရန်နိုင်ဝင်းက NP News ကို ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် ပါတီများစွာထဲမှ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ရွေးချယ်ထားပြီး ၎င်းအစုအဖွဲ့သည် လက်ရှိ နစကအစိုးရ အပါအဝင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
ပါတီပေါင်း (၅၀) ကျော် အစည်းအဝေးပြုလုပ်မည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက “ရည်ရွယ်ချက်ကတော့ အဓိကတော့ နိုင်ငံရေးပါတီတွေကတော့ဗျာ ပါတီအားလုံးက တစ်လမ်းတည်းလျှောက်နေကြတဲ့သူတွေချည်းပဲ။ လက်ရှိ နိုင်ငံရေးအခြေအနေ ဘာဖြစ်မလဲ။ နစကနဲ့ ညှိနှိုင်းချက်တွေ ဘာတွေရှိမလဲ။ အဲဒါမျိုးတွေအတွက်ကို အဓိက လုပ်မှာဗျ။ နောက်ပြီးတော့ သူတို့ကနေပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ (၁၆)ပါတီချည်းပဲ သွားနေလို့က မဟုတ်သေးဘူးလေ။ အဲဒီ တော့ ပါတီ(၅၀)ကျော်ရဲ့ voice လည်း ပါရမယ်လေ။ အဲဒါကြောင့် လုပ်မှာပါဗျ”ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် လက်ရှိနစကအစိုးရလက်ထက်တွင် အသစ်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီများ ရှိခဲ့သကဲ့သို့ ယင်းဥပဒေအရ မှတ်ပုံတင်ပြန်လည် မလျှောက်ထားသည့် နိုင်ငံ ရေးပါတီများလည်း ရှိခဲ့သည်။ အင်အားကြီး နိုင်ငံရေးပါတီများအဖြစ် နာမည်ကြီးခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နှင့် အချို့သောပါတီများသည် မှတ်ပုံ တင်ပြန်လည်လျှောက်ထားခြင်းမရှိခဲ့သည့်အတွက် ဥပဒေသစ်အရ ဖျက်သိမ်းခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AA ထိုးစစ်ဆင်နေတဲ့ အမ်းမြို့တိုက်ပွဲထဲက AA ၏စစ်ရာဇဝတ်မှုများ
RELATED POSTS
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
18 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ