(၃)နှစ်နီးပါးအတွင်း အရေးယူခဲ့သည့် အွန်လိုင်းလိမ်လည်မှုပေါင်း(၅၀၀) နီးပါးတွင် နိုင်ဂျီးရီးယားနိုင်ငံသား(၂၃)ဦးပါဝင်
ယွန်း (NSS) - ဇန်နဝါရီ ၂၅
(၃)နှစ်နီပါးအတွင်း အရေးယူခဲ့သော အွန်လိုင်းလိမ်လည်မှုပေါင်း (၅၀၀)နီးပါးရှိခဲ့ရာ နိုင်ငံခြားသားများပါဝင်သည့် ငွေကြေးလိမ်လည်မှု၌ နိုင်ဂျီးရီးယားနိုင်ငံသား(၂၃)ဦး အရေးယူထားကြောင်း စီးမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် ရက်ပိုင်းတွင်နေပြည်တော်၌ ကျင်းပခဲ့သည့် မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းမှတဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နစက က နိုင်ငံတော်ကိုအာဏာရယူပြီးသည့် ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အွန်လိုင်းလိမ်လည်မှုပေါင်း (၄၈၂)မှုရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုဖြစ်ပွားမှုသည် ၂၀၂၁ ခုနှစ်တွင် အမှုပေါင်း(၉၀)ဖြစ်ပွားခဲ့ပြီး တရားခံ(၉၁)ဦး၊ ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း(၁၆၁)မှုဖြစ်ပွားခဲ့ပြီးတရားခံ(၂၀၂)ဦး၊ ၂၀၂၃ ခုနှစ်တွင် အမှုပေါင်း(၂၂၁)မှုဖြစ်ပွားခဲ့ပြီးတရားခံ(၁၃၂)ဦး၊ လက်ရှိ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမှုပေါင်း(၁၀)မှုဖြစ်ပွားခဲ့ပြီး တရားခံ (၄)ဦး စုစုပေါင်း အမှုအရေအတွက်(၄၈၂)မှုဖြင့်တရားခံ(၄၂၉)ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
နိုင်ငံခြားသားများပါဝင်သည့် ငွေကြေးလိမ်လည်မှုသည် Social Media များမှ တဆင့်ချိတ်ဆက်ပြီး ရင်းနှီးမှုရယူ၍ တန်ဖိုးကြီးဥစ္စာပစ္စည်းများပေးပို့ ဟန်ဆောင်ကာ ဆွဲဆောင်လိမ်လည်ကြခြင်းဖြစ်ကြောင်းနှင့် အလားတူလိမ်လည်မှုမျိုးမှ နိုင်ဂျီးရီးယားနိုင်ငံသား (၂၃)ဦး၊ ထိုင်းနိုင်ငံသား (၁)ဦးနှင့် မြန်မာနိုင်ငံသား (၅၉)ဦးအား အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
အွန်လိုင်းမှလိမ်လည်သည်ဟုဆိုရာတွင် နည်းပညာအသိအားနည်းသူများ၏ ကိုယ်ရေးအချက်အလက်များကို ရယူကာ ငွေကြေးလိမ်လည်ခြင်းဖြစ်ပြီး မှတ်ပုံတင်/Passport အတု၊ မှတ်ပုံတင်ခြင်းမရှိသည့် SIM Card များ၊ Website/Facebook Page အတုများအသုံးပြု၍ လိမ်လည်ခြင်းများဖြစ်ကြောင်း သိရသည်။
“ကျွန်မကို အွန်လိုင်းကနေပြီးတော့ သြစတြေးလျနိုင်ငံသားဆိုတဲ့တစ်ယောက်က ဆက်သွယ်လာတယ်။ ကျွန်မကို သဘောကျလို့ဆိုပြီးတော့ပြောတယ်။ (၃)လလောက် အဆက်အသွယ်မပြတ်ခဲ့ကြဘူး။ video call တော့ ခေါ်မရဘူး။ အသံဖိုင်တွေတော့ အပြန်အလှန်ပို့ကြတယ်။ ဘယ်ရောက်နေလဲဆိုတာ သူ့ဓာတ်ပုံတွေတော့ပို့ပေးတယ်။ ပြီးတော့ လက်ဆောင်ထည့်ပေးလိုက်တယ်။ အဲဒီလက်ဆောင်ကို ကျွန်မလက်ထဲကို အဆင့်ဆင့်ရောက်ဖို့အတွက် သိန်း(၂၀)လောက်စိုက်ပေးပါဆိုပြီးပြောတယ်။ ကျွန်မပို့ပေးပြီးတဲ့နောက်မှာတော့ အဆက်အသွယ်မရတော့ပါဘူး”ဟု ကိုယ်တိုင်အလိမ်ခံခဲ့ရသူ အသက်(၅၀)အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ဆိုက်ဘာမှုခင်းများအပေါ်၌ ရာဇသတ်ကြီးဥပဒေအပြင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ(၂၀၀၄)၊ ဆက်သွယ်ရေး ဥပဒေ (၂၀၁၃)တို့နှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံရှိ စတိုးဆိုင်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၃၉)ဦး သေဆုံး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ