ဗုဒ္ဓဆင်းတုတော် နှင့် စေတီများကို ဖျက်ဆီးသော အကြမ်းဖက်သမားများကို မြို့ပေါင်း(၃၁)မြို့၌ သံဃာတော် နှင့် လူပုဂ္ဂိုလ်အများအပြားပူးပေါင်း၍ ကန့်ကွက်ရှုတ်ချထား
မြူနစ် (NSS) - ဇန်နဝါရီ ၁၄
ဗုဒ္ဓဆင်းတုတော် နှင့် စေတီများကို ဖျက်ဆီးသော အကြမ်းဖက်သမားများကို မြို့ပေါင်း (၃၁)မြို့၌ သံဃာတော် နှင့် လူပုဂ္ဂိုလ်အများအပြားပူးပေါင်းကာ ကန့်ကွက်ရှုတ်ချထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၊ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်အချို့က တုဖြင့်ထုကာ ဖျက်ဆီးနေသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့ခဲ့သည်။
အလားတူ ဗုဒ္ဓဆင်းတုတော်များကို ထုချေဖျက်ဆီးနေသည့် ရုပ်သံဖိုင်များသည်လည်း ပြီးခဲ့သောရက်ပိုင်းအတွင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် ထပ်မံပျံ့နှံ့ခဲ့သည်။
ထိုသို့အကြမ်းဖက်သမားများ၏ လုပ်ရပ်များအပေါ် ပထမဆုံးအကြိမ်အဖြစ် ကန့်ကွက်ဆန္ဒပြပွဲကို ဇန်နဝါ ရီလ ၉ ရက်တွင် မန္တလေးတိုင်းအတွင်းရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အများအပြားက စတင်ပြု လုပ်ခဲ့သည်။
ထို့နောက် ရန်ကုန်မြို့တွင်လည်း ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့သည့်အပြင် ရှမ်းပြည်နယ်၊ တနင်္သာ ရီတိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော်အတွင်းရှိ မြို့များတွင်လည်း ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ထားသည်။
ထို့ကြောင့် ယနေ့(ဇန်နဝါရီလ ၁၄ ရက်)မွန်းလွဲပိုင်းအချိန်အထိ ဗုဒ္ဓဆင်းတုတော်နှင့် စေတီများကို ဖျက်ဆီးသော အကြမ်းဖက်သမားများကို မြို့(၃၁)မြို့၌ သံဃာတော်နှင့် လူပုဂ္ဂိုလ်အများအပြားပူးပေါင်း၍ ကန့်ကွက်ရှုတ်ချထားသည်။
"ဒီစေတီတော်ကို ဖျက်ဆီးတဲ့အပြုအမူလုပ်ရပ်ကြီးက တော့ မဖြစ်သင့်ပါဘူး။ နိုင်ငံရေးကိစ္စက ကိစ္စပဲ။ တိုက်ပွဲတွေ ကိစ္စနဲ့ ဒီဘုရားစေတီနဲ့က ဘာမှ မဆိုင်တဲ့ ကိစ္စကို ဒါမလုပ်သင့်ဘူး ။ တိုက်ပွဲ အကြောင်းပြပြီး ဘာသာသာသနာကို ဖျက်ဆီးချင်တဲ့ ဆန္ဒနဲ့ လုပ်တယ်လို့ပဲ မြင်တယ်"ဟု ဆန္ဒပြပွဲတွင် လိုက်ပါသူတစ်ဦးက မှတ်ချက်ပြုပြောကြားထားသည်။
ယင်းကဲ့သို့ ကန့်ကွက်ဆန္ဒပြရာ၌ ရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အများအပြားသည် “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး”၊ “ ဗုဒ္ဓဘာသာသာသနာအား စော်ကားဖျက်ဆီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက်သူပုန်မှန်သမျှ ကျဆုံးပါစေ” အပါအဝင် အခြားသော ဆိုင်း ဘုတ်များကိုင်ဆောင်ကာ ကန့်ကွက်ဆန္ဒပြထားသည်။
သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ်များအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်နှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများကို ပြုလုပ်ခွင့်ရှိသော်လည်း အကြမ်းဖက်သမားများနည်းတူ ပြန်လည်ပြုမူခြင်း မဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း တိုက်တွန်းအကြံပြုမှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်းမြို့နယ်၌ ဝိုင်ဖိုင်ကြိုးများ ပြုပြင်နေသည့် ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း