ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
ယွန်း (NSS) - စက်တင်ဘာ ၂ဝ
ပုဂံတွင်မိုးများသည့်အတွက် ထိခိုက်ခဲ့သော ရှေးဟောင်းအဆောက်အအုံ (၁၁)ခုရှိပြီး တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၁၁)ရက်နှင့် (၁၂)ရက်တွင် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရှေးဟောင်းအ ဆောက်အအုံ(၁၁)ခုတွင် ထိခိုက်မှုများ ရှိခဲ့သည်။ ထိခိုက်မှုများအနက် ရွှေစည်းခုံဘုရား အပါအဝင် ရှေးဟောင်းအဆောက်အအုံ (၁ဝ)ခုမှာ ပျက်စီးမှုအနည်းငယ်သာ ရှိခဲ့သော်လည်း (၁၃)ရာစုလက်ရာဖြစ်သည့် ဘုရားအမှတ်- ၁ဝ၄၂ ဆင်က အုတ်တိုက်တွင် (၇ဝ) ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
"မိုးရေချိန်များတော့ ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူမှာ ထိခိုက်တာတွေ ရှိခဲ့တယ်။ ပုံမှန်အားဖြင့် ရှေးဟောင်းအဆောက်အအုံရဲ့ အုတ်လေးတွေပဲ့ကျတာရှိတယ်။ ပျက်စီးမှု ရာခိုင်နှုန်းကတော့ နည်းပါတယ်။ ဒါပေမဲ့ ၁၃ ရာစုလက်ရာဖြစ်တဲ့ "ဆင်ကအုတ်တိုက်" ကတော့ ၂ဝ၁၆ တုန်းကလည်း ငလျင်ဒဏ်ကို ခံခဲ့ရတယ်။ ကြံ့ခိုင်မှုအတွက်လည်း ထိန်းသိမ်းမှုတွေ လုပ်တယ်။ ပုဂံခေတ်ထဲက (၁၃)ရာစုလက်ရာဆိုတော့ နှစ်ပေါင်း(၈ဝဝ)နဲ့အထက်ဖြစ်နေတော့ နှစ်ကြာတော့ အုတ်တွေဆွေးမြေ့တာရှိတယ်။ သက်တမ်းလွန်ကာလဖြစ်တော့ သူရဲ့ကြံ့ခိုင်မှု အားနည်းတာပေါ့။ အဲဒီအတွက် (၇ဝ) ရာခိုင်နှုန်းလောက်ထိခိုက်ခဲ့တယ်။ လက်ရှိမှာတော့ အစိုဓာတ်ကလည်းရှိနေတော့ ပြိုကျတဲ့အုတ်တွေကို ချက်ချင်းဖယ်ရှားလို့မရသေးဘူး"ဟု ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညီမွန်းက NSS ကိုပြောသည်။
လက်ရှိတွင် ထိခိုက်မှုအနည်းငယ်သာရှိသည့် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ရေးများဆောင်ရွက်ရန်ပြင်ဆင်နေပြီး "ဆင်ကအုတ်တိုက်" အား မူလပုံစံအတိုင်း ပြန်လည်ပြုပြင်နိုင်ရေးအတွက် အချိန် (၃)လခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။
"ရာသီဥတုလေးကောင်းပြီး နည်းနည်းလေးခြောက်သွေ့လာရင်တော့ ပြုပြင်ရေးတွေကို ဆောင်ရွက်မယ်။ ရှေးဟောင်းရဲ့အခြေခံစံနှုန်းအတိုင်း မူလပုံစံအဆောက်အအုံရအောင် စနစ်တကျထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားမှာပါ။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း အမြန်ဆုံးလုပ်မယ်။ တစ်ချို့ နည်းနည်းပါးပါးပဲဖြစ်တာကျတော့ တစ်ပတ်၊ နှစ်ပတ်အတွင်းလည်း ပြီးနိုင်တာလည်းရှိတယ်။ "ဆင်ကအုတ်တိုက်" ကတော့ (၃)လဝန်းကျင်လောက်အချိန်ယူပြီးတော့ စနစ်တကျနဲ့ သူ့ရဲ့နည်းစနစ်အတိုင်း အမြန်ဆုံးဆောင် ရွက်မှာပါ။ အခုလည်းတစ်ချို့အဆောက်အအုံတွေကို ပြင်ဆင်ဖို့တွေလုပ်နေပါပြီ"ဟု ဦးညီမွန်းက ဆိုသည်။
လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) အနေဖြင့် ရှေးဟောင်းအဆောက်အအုံများ မူလပုံစံအတိုင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေးကို မပြတ်ဆောင်ရွက်နေပြီး သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂ဝ၂၃ မေလတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရှေးဟောင်းပုဂံယဉ်ကျေးမှုဒေသတွင် ရှေးဟောင်းအဆောက်အအုံ(၆ဝ)ခန့် ထိခိုက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပုဂံရှိ သဗ္ဗညုဘုရားအပါအဝင် ရှေးဟောင်းစေတီပုထိုးပေါင်း (၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း