လောက်ကိုင်မြို့ရှိ စေတီတော်တစ်ဆူအား တူဖြင့်ရိုက်ဖျက်ခဲ့သည့်လုပ်ရပ်အား သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်ကန့်ကွက်
ကျော် (NSS) - ဇန်နဝါရီ ၉
လောက်ကိုင်မြို့ရှိ စေတီတော်တစ်ဆူအား တူဖြင့်ရိုက်ဖျက်ခဲ့သည့်လုပ်ရပ်အား ကျေနပ်ခြင်းမရှိ၍ သံဃာတော်များဦးဆောင်ကာ လူပုဂ္ဂိုလ်များပူးပေါင်း၍ အင်အား (၇၀၀)ခန့်ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ကန့်ကွက်ခြင်းအား မန္တလေးမြို့၌ ယနေ့ (ဇန်နဝါရီလ ၉ ရက်)၊ မွန်းလွဲ ၂ နာရီခွဲခန့်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်တွင် တပ်မ(၉၉)မှတပ်မတော်သားများနှင့်မိသားစုဝင်များစုပေါင်း၍ ၂၀၁၅ ခုနှစ်ကတည်ထားကိုးကွယ်ခဲ့ကြသည့် စေတီတော်အား MNDAA အဖွဲ့ဝင်ဟုယူဆရသော လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးမှ တူဖြင့်ရိုက်ဖျက်နေသည့် ရုပ်သံဖိုင်သည် ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်)က လူမှုကွန်ယက်စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သည်။
ထိုသို့ ထွက်ပေါ်လာပြီးနောက် ကန့်ကွက်ရှုံ့ချမှုများဖြစ်ပေါ်ခဲ့ကာ ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားသည့် စေတီတော်ကိုတူဖြင့်ရိုက်ဖျက်နေခြင်းအား လက်သင့်မခံနိုင်ကြောင်း ရေသားပြောဆိုမှုများရှိခဲ့သည်။
"မန္တလေးမြို့ စန္ဒာမုနိဘုရားမှာ လူစုတယ်။ အင်အား (၇၀၀) လောက်ရှိပါတယ်။ ရဟန်း/သံဃာတော်တွေ အမျိုးသားရေးအဖွဲ့တွေ အဲဒီလုပ်ရပ်ကိုမကျေနပ်တဲ့လူတွေပေါင်းပြီး လမ်းလျှောက်ဆန္ဒဖော်ထုတ်နေတာပါ။ အခြေအနေက ညနေ ၅ နာရီလောက်အထိ ဆန္ဒဖော်ထုတ်ဖို့များတယ်"ဟု မန္တလေးဒေသခံတစ်ဦးကပြောသည်။
ထိုသို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာ၌ "ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား ဆန့်ကျင်ကြ" ၊ "မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်း ရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများအား ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ကြ"ဟူသော ဗီနိုင်းများကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
လောက်ကိုင်မြို့ရှိ စေတီတော်အား တူဖြင့်ရိုက်ဖျက်နေသည့် ရုပ်သံဖိုင်ထွက်ပေါ်ခဲ့ပြီး မရှေးမနှောင်း၌ပင် အမျိုးသားတစ်ဦးမှ ဘုရားဆင်းတုတော်တစ်ဆူအား ဓား၊ ပုဆိန်တို့ဖြင့် ဖျက်ဆီးနေသော ရုပ်သံဖိုင်တစ်ခုလည်း ထပ်မံထွက်ပေါ်လာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းသွားရန် အစီအစဉ်များမရှိကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း