ရုရှား၏လေကြောင်းတိုက်ခိုက်မှုများကို ဗီဒီယိုလွှင့်တင်ခဲ့သည့် ယူကရိန်း blogger လေးဦး ဖမ်းဆီးခံရ
Pika (NSS) - ဇန်နဝါရီ ၄
ယူကရိန်းမြို့တော် ကိဗ်ယက်ဒေသတွင် ရုရှား၏လေကြောင်းတိုက်ခိုက်မှုများကို ဗီဒီယိုလွှင့်တင်ခဲ့သော ယူကရိန်းနိုင်ငံသားလေးဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များကပြောကြားခဲ့သည်။
၎င်းတို့လေးဦးကို ရန်သူ၏တိုက်ခိုက်မှုများအား လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးမှုဖြင့် စွဲချက်တင်နိုင်ကြောင်း ဒေသတွင်းအာဏာပိုင်များက မှတ်ချက်ပြုပြောဆိုခဲ့သည်။ ရုရှားသည် ယခုသီတင်းပတ်အစောပိုင်းတွင် ကိဗ်ယက်မြို့တစ်ဝိုက်ရှိ စစ်ဘက်ဆိုင်ရာနေရာ အများအပြားကို ပစ် မှတ်ထားတိုက်ခိုက်ခဲ့ပြီး အဆိုပါဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကပြောကြားခဲ့သည်။ အမည်မဖော်လိုသော blogger လေးဦးသည် ရုရှား၏တိုက်ခိုက်မှုများကို ခွင့်ပြုချက်မရှိဘဲ ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တွင် မျှဝေခဲ့သည့်အတွက် ဖမ်းဆီးလိုက်ကြောင်း ယူကရိန်း SBU လုံခြုံရေးဝန်ဆောင်မှုက ဒီဇင်ဘာလ(၃)ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါအေဂျင်စီက "ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ရန်သူရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ ရိုက်ကူးထုတ်ဝေတာမျိုးကို တားမြစ်ထားပါတယ်။ ဒီလိုမီဒီယာဖိုင်တွေကို ထုတ်ဖော်ပြသတာဟာ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးတယ်လို့ ယူဆပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ထောင်ဒဏ်(၁၂)နှစ်အထိ ချမှတ်နိုင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
အဆိုပါစစ်ဆင်ရေးသည် တာဝေးပစ်တိကျသော လက်နက်များ၊ ဒရုန်းများဖြင့် အုပ်စုဖွဲ့တိုက်ခိုက်မှုတစ်ခုအဖြစ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။ ယူကရိန်းမြို့တော်တစ်ဝိုက်ရှိ လက်နက်ထုတ်လုပ်သည့်နေရာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်ကို ဖမ်းဆီးထားသူများထဲမှတစ်ဦးဦးက ရိုက်ကူးထားခြင်း ဟုတ်/မဟုတ်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ကြောင်းသိရသည်။
ယင်းဗီဒီယိုဖိုင်ထဲတွင် တိုက်ခိုက်မှုများ လုပ်ဆောင်နေချိန်ကို ပြသထားသလို တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နောက်ဆက်တွဲရလဒ်များကို ပြသထားကြောင်းသိရသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် ယူကရိန်းသည် ရုရှားနယ်စပ်မြို့တစ်မြို့ဖြစ်သော ဘယ်လ်ဂိုရော့မြို့ကို တိုက်ခိုက်မှုများလုပ် ဆောင်ခဲ့ခြင်းကြောင့် လူ(၂၅)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ရုရှား၏ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ပင်လယ်ပြင်တွင် ပျက်ကျခဲ့သော စစ်လေယာဉ်၏ Black Box ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း အမေရိကန်စစ်တပ်ပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ