မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဒပူဇနိယပွဲတော်အတွက် တည်းခိုဆောင် နှင့် ဆိုင်ခန်းပေါင်း ၁၂ဝဝ ဆောက်လုပ်မည်
ကျော် (NSS) - ဒီဇင်ဘာ ၁၈
မကွေးတိုင်း၊မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အတွက် တည်းခိုဆောင် နှင့် ဆိုင်ခန်းပေါင်း ၁၂ဝဝ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား မန်းရွှေစက်တော်ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူ၍ ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်ချိန်နှင့် ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက် သူများ နေထိုင်တည်းခိုစားသောက်မှုအဆင်ပြေစေရန် တည်းခိုဆောင် ၈ဝဝ လုံးနှင့် စျေးဆိုင်ခန်း ၄ဝဝ (စုစုပေါင်း ၁၂ဝဝ) အား မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ပြီးခဲ့တဲ့နှစ်ကလည်း ဘုရားပွဲကိုသွားခဲ့တယ် ဒီနှစ်ဘုရားပွဲကိုလည်း သွားဖြစ်အောင်သွားဖို့ အားခဲထားတယ် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေပေမယ့်လည်း ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ အတွက် ဗုဒ္ဓပူဇနိယပွဲတော်ဆိုတာ အရမ်းအရေးပါတဲ့အခမ်းအနားတစ်ခုပါ" ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုဝေဖြိုးဦးက ပြောသည်။
မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်သို့လာရောက်မည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများအား ဆောက်လုပ်မည့် တည်းခိုဆောင် ၈ဝဝ လုံးတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ညအိပ်တည်းခို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘုရားဖူးသူများ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန် လုံခြုံရေးအစီအမံများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
လက်ရှိအချိန်၌ ဘုရားပွဲတော်ကျင်းပနိုင်ရန် မန်းချောင်းရေအား လမ်းကြောင်းလွှဲခြင်း၊ တည်ခိုဆောင် နှင့် ဆိုင်ခန်း များဆောက်လုပ်နိုင်ရန် မြေနေရာရှင်းလင်းခြင်း နှင့် မန်းချောင်းရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းများကို စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဘုရားပရဝုဏ်အတွင်း၌ ရွှေစက်တော်အဝင်(၃)မိုင်းလမ်းတစ်လျောက် (Flower Box) ပန်းအလှစိုက်ပျိုးခြင်း၊ ရေကျော်တံတားတစ်စင်းတည်ဆောက်ခြင်း၊ လမ်းများပြုပြင်ခြင်း၊ ကတ္တရာလမ်းများခင်းခြင်း၊ ကျောက်ကြီးစီ ၍ မြေထိန်းနံရံများတည်ဆောက်ပြုပြင်ခြင်းတို့ကိုလည်း ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အောက်စက်တော်ရာဘုံ(၇)ဆင့်နှင့် လင်းနို့တောင်စတီးပန်းဆွဲများကို မြန်မာမှုရှေးမူလက်ရာ မပျက်ပြုပြင် ခြင်း၊ အောက်စက်တော်ရာနှင့်အထက်စက်တော်ရာ အမိုး၊ မျက်နှာကျက်နှင့် ဘုံအဆင့်တိုင်လုံးများ ဆေးသုတ် ပြုပြင်ခြင်း၊ ကိုးခန်းကြီးမှ အထက်စက်တော်ရာအတက် စောင်းတန်း(၅)သွယ် ပြုပြင်ခြင်းလုပ်ငန်းများကို ပြုလုပ် လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့သိရသလောက် အခုလုပ်နေတာတွေကို ဘုရားပွဲတော်မတိုင်ခင်အပြီးလုပ်မယ်တဲ့ မနှစ်က ဆောက်ပြီးအသုံးပြုခဲ့တဲ့ ဘေလီသံပေါင်တံတားကိုလည်း ဘုရားပွဲတော်ဖွင့်ပွဲမတိုင်ခင်မှာ အပြီးသပ်မယ်လို့ ကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ ဆင်ပြတိုက်ရှိသည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေလက်ကြားအလယ်မျဉ်းကို တရုတ်မိုးပျံပူဖောင်းနှစ်လုံး ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း