ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂ဝ၂၅ ခုနှစ် နှစ်စပိုင်း၌ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်မည်
ကျော် (NSS) - ဒီဇင်ဘာ ၁၃
ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များနှင့်ဘုရားဖူးများ အများဆုံးလာရောက်ဖူးမြှော်လေ့လာသည့် ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီးအား ၂ဝ၂၅ ခုနှစ် နှစ်စပိုင်း၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းထံမှ သိရသည်။
"ရွှေတိဂုံစေတီတော်မြတ်ကြီးကို (၅) နှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပါတယ်။ နောက်ဆုံးဆက်ကပ်လှူဒါန်းခဲ့တာက ၂ဝ၁၈-၂ဝ၁၉ မှာ ဆက်ကပ်ခဲ့တာပါ။ ဒါ့ကြောင့် အခုလာမယ့် ၂၀၂၄-၂၀၂၅ ခုနှစ်မှာ ရွှေသင်္ကန်း ကပ်လှူပူဇော်ရမှာဖြစ်ပါတယ်" ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။
ထိုသို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းမပြုမီ တစ်နှစ်အလို၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ ရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော်နှင့် အရန်စေတီတော်များအား လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
"ဦးဇင်းတို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေတိဂုံစေတီတော်ကို ဘုရားဖူးသွားတဲ့အချိန် နောင်တော်ကြီးစေတီတော်ကို ရွှေသင်္ကန်းကပ်ဖို့ ပြင်ဆင်ထားကြတာတွေ့တယ်။ နောက်ပြီး စေတီအရန်တွေကိုလည်း ရွှေသင်္ကန်းကပ်ဖို့ ပြင်ဆင် နေကြတယ်။ ရင်ပြင်တော်ပေါ်က ကြွေပြားတွေကိုလည်း အသစ်ပြန်ချင်းနေကြတယ်။ ရွှေတိဂုံစေတီတော်မြတ် ကြီးကို အခုလို လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်ခြင်းဟာ ကောင်းမွန်တဲ့ကုသိုလ်ပြုမှုတစ်ခုဖြစ်သလို တခြား နိုင်ငံခြားသားတွေကြားမှာ မြန်မာလူမျိုးတွေရဲ့ကိုးကွယ်ရာ ဘုရားပုထိုးဖြစ်တဲ့အတွက် ပိုပြီးတော့လည်း အမြင် တင့်တယ်စေတာပေါ့။ ရွှေမြန်မာဆိုတာ ရွှေရောင်ဝင်းအိနေတဲ့ ရွှေတိဂုံစေတီတော်ကြီးကို အစွဲပြုပြီး၊ ခေါ်တာလေ အဲဒီတော့ အခုလိုလုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်ခြင်းဟာ ကောင်းမွန်တဲ့လုပ်ဆောင်မှုတစ်ခုပါ" ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သီတင်းသုံးနေတော်မူသည့် ဆရာတော်တစ်ပါးက မိန့်ကြားတော်မူခဲ့သည်။
လက်ရှိအချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီးစေတီတော် နှင့် အရန် စေတီတော်များအား ၂ဝ၂၃ ခုနှစ်အတွင်း၌ပင် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ရွှေတိဂုံစေတီတော်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်တဲ့အခါမှာ ရွှေပြားသင်္ကန်းကပ်ဖို့စီစဥ်ထားပြီးပြီ ရွှေပြား သင်္ကန်းမှာ Gold Plate ရှိတယ်။ Gold Cotting ရှိတယ်။ မျက်ပြားရွှေကပ်တာရှိတယ်။ အပေါ်ပိုင်းမှာဆိုရင် Gold Plate ကပ်မယ်။ Gold Plate မှာ ၃ ကျပ်သားရှိတယ်။ ၆ ကျပ်သားရှိတယ်။ ဒါတွေကို လက်ရှိလုပ်နေပါတယ်။ လက်ရှိမှာလည်း ထုတ်လုပ်မှုတွေလုပ်နေပါတယ်။ ပြီးရင် Gold Cotting ကပ်မယ်။ အောက်အဆင့်တွေမှာကြတော့ မျက်ပါးရွှေသင်္ကန်းကပ်မယ်။ လိုအပ်ပမာဏအတွက် စုဆောင်းရေးတွေ လုပ်နေပါပြီ။ ထုတ်လုပ်တာတွေလည်း လုပ်နေပါပြီ" ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။
ထိုသို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ နှင့် အောက်တိုဘာလောက်၌ ငြမ်းဆင်ခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်ပြီးနောက် ၂ဝ၂၅ ခုနှစ် နှစ်စပိုင်းခန့်မှစတင်ကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် သတ္တုတွင်းဝန်ကြီးဌာနဘက်မှ ရွှေများဝယ်ယူရပြီး ဝယ်ယူသည့်နေ့တွင် အစိုးရအား ကမ္ဘာ့ရွှေ/ဒေါ်လာပေါက်စျေးများပေါ်တွင် မူတည်တွက်ချက်ပြီး ပေးချေရကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးမှရရှိသည့် အလှူငွေများအား အခြားဘုရားပုထိုးစေတီတော်များ၏ ပြင်ဆင်မှုများအတွက် ကုန်ကျငွေများကို ကျခံသုံးစွဲပေးရန်အစီအစဥ်မရှိဘဲ အကြောင်းကိစ္စပေါ်ပေါက်လာပါက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော် ၁၁ ပါး၏ သြဝါဒခံယူပြီးမှသာ လုပ်ဆောင်၍ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်းတောင်၌ မီးရထားဝန်ထမ်းတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း