မှတ်ပုံမတင်သော ဖုန်းဆင်းကတ်များကို အသုံးပြု၍ ရာဇဝတ်မှုများဖြစ်ပေါ်နေ၊ ကတ်များကို စနစ်တကျ ရောင်းချမှတ်ပုံတင်ခြင်းမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်ဖြင့် အရေးယူမည်
မြူနစ် (NSS) - စက်တင်ဘာ ၂၇
မှတ်ပုံမတင်သော ဖုန်းဆင်းကတ်များကို အသုံးပြု၍ ရာဇဝတ်မှုများ ဖြစ်ပေါ်နေပြီး ကတ်များကို စနစ် တကျ ရောင်းချမှတ်ပုံတင်ခြင်းမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်ဖြင့် အရေးယူမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။
နစက၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ယမန်နေ့(စက်တင်ဘာလ ၂၆ ရက်)ညပိုင်းတွင် အထက်ပါကဲ့သို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာသုံးစွဲသူများအား အကာအကွယ်ပေးနိုင်ရန် ငွေကြေးဝန်ဆောင်မှု၊ e-commerce လုပ်ငန်းများနှင့်ပတ်သက်၍ ကာကွယ်ပေးနိုင်ရန် နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ကာ ဖုန်းဆင်းကတ်များ ရောင်းချရာတွင် လိုက်နာရမည့်အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် ဖုန်းဆင်းကတ်များကို ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ခြင်းမပြုလုပ်ဘဲ အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales (POS)များ၊ ဖုန်းအရောင်းဆိုင်များနှင့် လမ်းဘေးဆိုင်များသည် ဆက်လက်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ မှတ်ပုံမတင်ထားသည့် ဖုန်းဆင်းကတ်များကြောင့် ငွေကြေးဝန်ဆောင်မှုများ၊ အခြားသော အွန်လိုင်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိမ်လည်ခံရနိုင်သည့်အပြင် ရာဇဝတ်မှုများကို နှိမ်နင်းနိုင်ရန်အတွက် ဥပဒေနှင့်အညီ စုံစမ်းမှုများပြုလုပ်ရာ၌ အခက်အခဲများရှိလာသည်ဟုလည်း ဝန်ကြီးဌာနက အသိပေးထားသည်။
ထို့ပြင် မှတ်ပုံမတင်ထားသော ဖုန်းဆင်းကတ်များကိုအသုံးပြုကာ ဆက်သွယ်ရေးကွန်ရက်ပေါ်မှ ရာဇ ဝတ်မှုများ၊ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ်လာကြသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသည်ဟု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ၌ အသိပေးဖော်ပြထားသည်။
ထို့ကြောင့် ဖုန်းဆင်းကတ်များကို စနစ်တကျရောင်းချရန် နှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ရမည်ဟု ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ထပ်မံသတိပေးထားသည်။
ဖုန်းဆင်းကတ်များကို စနစ်တကျရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၂)အရ အရေးယူခြင်းခံရမည်ဟု ဝန်ကြီးဌာနက အသိပေးထားသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၇၂)တွင် မည်သူမဆို ဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွတ်ခိုင်မြို့၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ