မိုးကြိုးစက်ကွင်းခခဲ့သည့် ဓမ္မရာဇကဘုရားအား ပြုပြင်မှုများလုပ်ဆောင်ရန် တစ်လခန့်ကြာမြင့်နိုင်
ယွန်း (NSS) - စက်တင်ဘာ ၁၈
မိုးကြိုးစက်ကွင်းခခဲ့သည့် ပုဂံဒေသရှိ ဓမ္မရာဇကဘုရားအား ပြုပြင်မှုများပြန်လည်လုပ် ဆောင်ရန် အချိန်တစ်လခန့်ကြာမြင့်နိုင်ကြောင်း ပုဂံရှေးဟောင်း သုတေသနထံမှ သိရသည်။
ပုဂံဒေသရှိ ဓမ္မရာဇကဘုရားအား စက်တင်ဘာလ(၁၇)ရက်၊ နေ့လည်(၃)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် မိုးကြိုးစက်ကွင်းခခဲ့ကြောင်း သိရသည်။
“ဘုရားအကြီးပါပဲ ဂေါပကတွေထိန်းသိမ်းစောင့်ရှောက်ထားတဲ့ဘုရားပါ။ မိုးမရွာခင်လေးမှာ လျှပ်စီးတွေလက်ပြီး မိုးတွေခြိမ်းတယ် အဲဒီအချိန်မှာ မိုးကြိုးစက်ကွင်းခသွားတာပေါ့။ ခေါင်း လောင်းကနေ အပေါ်ပိုင်း ခရေဖူးအထိကို ကြားထဲမှာ မည်းသွားတယ်။ အကုန်လုံးတော့မဟုတ်ဘူး ကွတ်တိကွက်ကြားပေါ့” ဟု ပုဂံရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NSS ကိုပြောသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကိုမတွေ့ရှိရဘဲ ဘုရားကြီး၏ ခေါင်းလောင်းတော် နှင့် ကြာမှောက်ကြာလှန်ကြားဖောင်းရစ်ပတ်လည်တွင် ရွှေသင်္ကန်းများ မည်းသွားခြင်းများသာရှိကြောင်း သိရသည်။
ဘုရားကြီးအား ပြန်လည်ပြုပြင်မှုများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး အချိန်အားဖြင့် တစ်လခန့်ကြာနိုင်ကြောင်း သိရသည်။
“ပြန်လည်ပြုပြင်တာက သိပ်တော့မကြာဘူး။ တစ်လလောက်ပဲ ကြာနိုင်မှာပါ။ ငြမ်းစင်ရမယ်။ ဝါးတွေဝယ်ရမယ်။ ငြမ်းစင်ရမယ့်ဟာကလည်း ဘယ်လောက်ကြာမလဲမသိသေးဘူးလေ။ အခုက ဘုရားကြီးကလည်းကြီးတယ်။ ငြမ်းကိုသေချာစင်ပြီးမှ ပြုပြင်မှုကိုလုပ်ရမယ်။ငြမ်းတွေဘာတွေပြီးမှ ကျွန်တော်တို့ဌာနအနေနဲ့ ပြုပြင်မှုတွေထိန်းသိမ်းဆောင်ရွက်ပေးရမယ်။ ပြီးရင်တော့ ဂေါပကကနေ ရွှေသင်္ကန်းပြန်ပြီးကပ်ဖို့ လုပ်ရမှာပေါ့”ဟု ၎င်းကဆက် လက်ပြောသည်။
အဆိုပါ ဓမ္မရာဇကဘုရားကြီးသည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် ဘုရားတစ်ဆူဖြစ်ပြီး လက်ရှိတွင် ထီးတော်တင်နိုင်ရန်အတွက် ဆောင် ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ(၆)ရက်ကလည်း မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားအား မိုးကြိုးစက်ကွင်းမိ၍ ပျက်စီး ဆုံးရှုံးမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် အများအပြား လာရောက်လည်ပတ်လျက်ရှိပြီး ပြည်ပခရီးသွားအများစုသည် ထိုင်းနိုင်ငံမှဖြစ်ကြောင်း ဦးမြင့်သန်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံသို့ထွက်ခွါမည့်သူများအတွက် အလုပ်ရှင်၊အလုပ်သမား စာချုပ်ကို ရန်ကုန်၌သာ ချုပ်ဆိုခွင့်ပြုမည်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း