ထိုင်းနိုင်ငံသို့ထွက်ခွါမည့်သူများအတွက် အလုပ်ရှင်၊အလုပ်သမား စာချုပ်ကို ရန်ကုန်၌သာ ချုပ်ဆိုခွင့်ပြုမည်
NSS - စက်တင်ဘာ ၁၈
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်ရန် အလုပ်ရှင်၊ အလုပ်သမားကြားစာချုပ်ချုပ်ဆိုမှုကို နယ်များ၌ခွင့်မပြုတော့ဘဲ ရန်ကုန်၌သာ လာရောက်လုပ်ကိုင်ရမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
"စက်တက်ဘာလကစပြီး မြောက်ဒဂုံက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာပဲ စာချုပ်ချုပ်ဆိုရမှာပါ။ အရင်က သက်ဆိုင်ရာနယ်တွေမှာခွင့်ပြုထားပေမယ့် အခုက ရန်ကုန် တစ်ခုတည်းမှာ လုပ်ရတော့မှာပါ။ တိုင်းတွေပြည်နယ်တွေမခွဲတော့ဘူး"ဟု ထိုင်းသို့အလုပ် သမားစေလွှတ်နေသည့် လိုင်စင်ရအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အလုပ်သမားများအနေဖြင့် တိုင်းနှင့်ပြည်နယ်များတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုမှု လုပ်ဆောင်၍မရခြင်းကြောင့် အလုပ်သမားများအတွက် ရန်ကုန်တွင်နေထိုင်ရသည့် ကုန်ကျစရိတ်ကြီးမြင့်တက်လာကြောင်းသိရသည်။
ယခင်က အလုပ်ရှင်၊ အလုပ်သမား အကြားသဘောတူစာချုပ်ကို ရန်ကုန်တိုင်းအတွက် မြောက်ဒဂုံတွင်လည်းကောင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းအတွက် ဘားအံမြို့တွင်လည်းကောင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းအတွက် ပဲခူးမြို့တွင်လည်းကောင်း၊ ပဲခူးတိုင်း အနောက်ခြမ်းအတွက် ပြည်မြို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းအတွက် ပုသိမ်မြို့တွင် လည်းကောင်း၊ မန္တလေး နှင့် စစ်ကိုင်းတိုင်း အပါအဝင် ကချင်ပြည်နယ်အတွက် မန္တလေးတွင် လည်းကောင်း၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်အတွက် ရှမ်းပြည်နယ်တွင် လည်းကောင်း စာချုပ်ချုပ်ဆိုခဲ့ရပြီး ရခိုင် နှင့် ချင်းပြည်နယ်အတွက် ချင်းပြည်နယ်တွင် လည်းကောင်း စာချုပ်ချုပ်ဆိုရကြောင်းသိရသည်။
အလုပ်သမားများအား သက်ဆိုင်ရာမြို့နယ်များမှ သတ်မှတ်နေရာများတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချုပ်နိုင်ကြောင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အသိပေးထုတ်ပြန်ခဲ့ပြီးနောက် (၈)လကျော်အကြတွင် ယခုကဲ့သို့ ပြန်လည်ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
အလုပ်သမားစာချုပ် ချုပ်ဆိုမှုတွင် အလုပ်သမား၊ အလုပ်သမားအရာရှိ၊ အေဂျင်စီတာဝန်ရှိသူများပါဝင်ရမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့်စာချုပ်ကို ဓာတ်ပုံရိုက်ကာ သိမ်းထားရန်လိုအပ်ကြောင်း၊ အေဂျင်စီကိုဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်၊ အေဂျင်စီနာမည်ကို သိရှိရန် လိုအပ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက အသိပေးထားသည်။
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား MOU စနစ်ဖြင့်စေလွှတ်မှုအား ၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့်ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်ရောက်မှသာ MOU စနစ်ဖြင့်လုပ်သားများ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားသည့် တရားဝင်လိုင်စင်ရ အေဂျင်စီ ၁၅၇ ခုရှိပြီး (၆)ခုကို လိုင်စင်ယာယီပိတ်ထားကာ (၁၅၁)ခုကိုလုပ်ကိုင်ခွင့်ပြုထားကြောင်းဝန်ကြီး ဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားက ကျည်ကာအင်္ကျီနဲ့ ဒရုန်းတွေ လက်ဆောင်ပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ