ထိုင်ဝမ်ကို လက်နက်ထောက်ပံ့တဲ့ အမေရိကန် လက်နက်ကုမ္ပဏီ (၂)ခုကို တရုတ်က ပိတ်ဆို့ အရေးယူ
ရောင်နီ (NSS) - စက်တင်ဘာ ၁၆
ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ခဲ့တဲ့ အမေရိကန် လက်နက် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Lockheed Martin နဲ့ Northrop Grumman ကို ပိတ်ဆို့အရေးယူထားတယ်လို့ တရုတ်က သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ ပြောကြားခဲ့ပါတယ်။ Taiwan Relations Act ဥပဒေအရ အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ ထိုင်ဝမ်ရဲ့ ကာ ကွယ်ရေးအတွက် လက်နက်တွေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ အမေရိကန်အစိုးရတွေက တိုက်ရိုက်အကူအညီထက် အရောင်းအ၀ယ် သဘောမျိုးအကူအညီပေးခဲ့ပေမယ့် သြဂုတ်လမှာတော့ အမေရိကန်က ထိုင်ဝမ်အတွက် တိုက်ရိုက် စစ်ရေးအကူအညီကို ပထမဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့ပါတယ်။
"တရုတ်ရဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်မှုတွေ ရှိနေပေမယ့် အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးအပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး ထိုင်ဝမ်အတွက် မှားယွင်းပြီး အန္တရာယ်ရှိတဲ့ လမ်းစဉ်ဖြစ်တယ်"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနိုင်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Lockheed Martin ဟာ သြဂုတ်လ ၂၄ ရက်က အတည်ပြုခဲ့တဲ့ ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုမှာ အဓိက ကန်ထရိုက်တာဖြစ်ပြီး Northrop Grumman ကတော့ ထိုင်ဝမ်ကို အကြိမ်များစွာ လက်နက်ရောင်းချခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် PRC ရဲ့ နိုင်ငံခြား ဒဏ်ခတ်အရေးယူမှု တိုက်ဖျက်ရေး ဥပဒေအရ တရုတ်နိုင်ငံဟာ အထက် ပါ အမေရိကန်စစ်ဘက်ကုမ္ပဏီနှစ်ခုအပေါ် ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ကို လက်နက်မရောင်းဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းထားပြီး မဟုတ်ရင် တရုတ်နိုင်ငံရဲ့ပြတ်ပြတ်သားသားနဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကို မလွဲမသွေရင်ဆိုင်ရလိမ့်မယ်လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ သံတမန်ရေးရာနဲ့ စစ်ရေးအရ ထိုင်ဝမ်ထက် အင်အားပိုမိုအားကောင်းတဲ့ တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောဆိုထားပြီး လိုအပ်ရင် အင်အားသုံး သိမ်းယူမယ်လို့ ကတိပြုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်ဟာ တရုတ်ကျူးကျော်မှုကို ဟန့်တားဖို့ ကျွန်းရဲ့ ကာကွယ် ရေးစွမ်းရည် အလျင်အမြန် အားကောင်းလာစေဖို့အတွက် အမေရိကန်ဒေါ်လာ ၃၄၅ သန်း တန်ဖိုးရှိ စစ်ရေးအကူအညီအစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒေသတွင်း တင်းမာမှုတွေ ရက်ပိုင်းအတွင်း ပြင်းထန်လာပြီးနောက် သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ တရုတ်ရဲ့ ပိတ်ဆို့အရေးယူမှု ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖဂန်မိဘမဲ့ကလေးများကို မရိန်းတပ်သားက မွေးစားခြင်းအား ပြန်လည်ရုပ်သိမ်းရမည်ဟု အမေရိကန်အစိုးရက စွက်ဖက်ခဲ့ကြောင်း လျှို့ဝှက်မှတ်တမ်းများ ပေါက်ကြား
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ