Starlink ဂြိုလ်တု ထိန်းချုပ်ခွင့်ကို အမေရိကန်စစ်တပ်ထံ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်လွှဲပြောင်းပေး
Pika (NSS) - စက်တင်ဘာ ၁၄
ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်သော အီလွန်မတ်သည် အမေရိကန်စစ်တပ်အား Starlink ၏ စက်ပစ္စည်းအချို့ကို အပြည့်အဝ ထိန်းချုပ်ခွင့်ပေးခဲ့ကြောင်း ၎င်း၏ အတ္ထုပတ္တိကို ရေးသားသူ Walter Isaacson က ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါအချက်ကြောင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အကူအညီပေးရန်အတွက် Starlink ဂြိုလ်တုစနစ်အား မည်သို့ အသုံးပြုနေသည်ဆိုသည့်အချက်များအပေါ် အီလွန်မတ်က ထိန်းချုပ်မှုရှိတော့မည် မဟုတ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
အီလွန်မတ်သည် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာစေနိုင်သည့် ပဋိပက္ခတွင် ၎င်း၏ ပါဝင်ပတ်သက်မှုကို အဆုံးသတ် လိုနေကြောင်း Walter Isaacson က ပြောဆိုခဲ့သည်။ ယူကရိန်းစစ်တပ်မှ အသုံးပြုခဲ့သော Starlink ဂြိုဟ်တုများ နှင့်ပတ်သက်ပြီး အီလွန်မတ်၏ ဆုံးဖြတ်ချက်ကို မေးမြန်းခံရချိန်တွင် Walter Isaacson က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ပြောခဲ့ခြင်းဖြစ်သည်။
အီလွန်မတ်သည် အစောပိုင်းကာလများတွင် ယူကရိန်းစစ်တပ်အား Starlink ဂြိုလ်တုစနစ်ကို အသုံးပြုခွင့်ပေးခဲ့ သော်လည်း နောက်ပိုင်းတွင် အသုံးပြုခွင့်ပေးမှုများကို ပြန်လည်ကန့်သတ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Walter Isaacson က "ကျွန်တော် အီလွန်မတ်နဲ့ အချိန်အတော်ကြာ စကားပြောခဲ့ပါတယ်။ တစ်ညမှာတော့ ဒီစစ်ပွဲမှာ သူဘာလို့ပါဝင်နေရတာလဲလို့ ပြောဆိုခဲ့ပါတယ်။ လူတွေ ဂိမ်း အေးဆေးကစားနိုင်အောင်၊ Netflix က ရုပ်ရှင်တွေကို အေးဆေးကြည့်နိုင်အောင် ဒီ Starlink ဂြိုလ်တုတွေကို ဖန်တီးခဲ့တာလို့ သူက ကျွန်တော့်ကို ပြောပါတယ်။ သူက နျူကလီးယားစစ်ပွဲဖြစ်ပွားလာစေမယ့်အရာတစ်ခုကို ဖန်တီးချင်တာမဟုတ်ဖူးလို့လည်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အီလွန်မတ်ဟာ Starlink ရဲ့ပစ္စည်းအချို့ကို အမေရိကန်စစ်တပ်ကို ရောင်းချပြီး အပြည့်အဝ ထိန်းချုပ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Starlink ဂြိုလ်တုစနစ် အသုံးပြုပုံနဲ့ ပတ်သက်ပြီး အီလွန်မတ်နဲ့သက်ဆိုင်မှာ မဟုတ်တော့ပါဘူး။ Starlink ဂြိုလ်တုအတွက် အသုံးပြုမှုစည်းကမ်းတွေ ကိုလည်း အီလွန်မတ်က ထိန်းချုပ်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
အီလွန်မတ်သည် “Starshield ဟု အမည်ပေးထားသော Starlink ၏ စစ်တပ်ဗားရှင်းကို တီထွင်ခဲ့ပြီး အဆိုပါ စီမံကိန်းကို အမေရိကန်စစ်တပ်ထံ လွှဲပြောင်းပေးရန် မျှော်လင့်ထားကြောင်း Walter Isaacson က ပြောကြားခဲ့ သည်။ Walter Isaacson က "ဒါဟာ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေမှုကနေ နှုတ်ထွက်ဖို့ အကောင်းဆုံးနည်းလမ်း ပဲလို့ သူပြောခဲ့ပါတယ်။ ဒီလို လုပ်ဆောင်နိုင်စွမ်းတွေ သူ့မှာ ရှိသင့်တယ်လို့တောင် မထင်တော့ဘူးလို့ အီလွန်မတ်က ကျွန်တော့်ကို ပြောခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၁၄ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ