မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားများကို အမြစ်ဖြတ်ပစ်ရန် တရုတ်သံအမတ် တိုက်တွန်း
မျိုးကြီး (NSS) - ဇူလိုင် ၂၆
မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အမြစ်ဖြတ်ပစ်ရန် မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံအမတ်က တိုက်တွန်းခဲ့သည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တရုတ်သံအမတ် မစ္စတာချန်ဟိုင်းတို့သည် ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးဘက်က ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်သံအမတ်မစ္စတာချန်ဟိုင်းအနေဖြင့် မြန်မာနိုင်ငံပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများစသော ရာဇဝတ်မှုများကို မြန်မာ-တရုတ်ပူးပေါင်းတိုက်ဖျက်ရန် အထူးညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သံရုံးဘက်က ပြောသည်။
မြန်မာနယ်စပ်ဒေသများ၌ ဆက်သွယ်ရေးလိမ်လည်မှု၊ ရာဇဝတ်မှုများ ဖြစ်ပွားနေသည့်အတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ၊ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် နယ်စပ်ဒေသများ၌ ဆက်သွယ်ရေးလိမ်လည်မှုများ ဆက် လက်များပြားနေဆဲဖြစ်သည့်အတွက် မြန်မာ-တရုတ်နှစ်နိုင်ငံပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်နေကြောင်း မစ္စတာချန်ဟိုင်းက ပြောသည်။
ထို့ကြောင့် ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကို အားကောင်းသာအစီအမံများဖြင့် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ နောက်တစ်ဆင့် ပူးပေါင်းတိုက်ဖျက်နှိမ်နင်းရန် လုပ်ဆောင်သင့်ကြောင်းလည်း တရုတ်သံအမတ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြန်မာနယ်စပ်ဒေသများရှိ ဆက်သွယ်ရေးလိမ်လည်မှုများ ခိုအောင်းနေသည့်နေရာများကို နှိမ်နင်းကာ ပိတ်မိနေသော တရုတ်နိုင်ငံသားများကို ကယ်တင်ပြီးနောက် ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအကြွင်းအကျန်များကို အမြစ်ဖြတ်ချေမှုန်းပစ်ရမည်ဟု တရုတ်သံအမတ်မစ္စတာချန်ဟိုင်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုများ၊ လောင်းကစားမှုများ နှင့် ဆက်စပ်နေသော မသမာသူများကို နှိမ်နင်းကာ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးနှင့်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“သယံဇာတ ကျိန်စာ” (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ