မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတကာထုံးတမ်းအစဥ်အလာနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်နိုင်ရေး နစက ပြင်ဆင်နေ
ယွန်း (NSS) - ဇူလိုင် ၂၂
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတကာထုံးတမ်းအစဥ်အလာနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတပ်ချုပ်မှ ပြောကြားခဲ့သည်။
နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သည့် ဇူလိုင်(၂ဝ)ရက်တွင် မာရဝိဇယရုပ်ပွားတော်ကြီး၏ ရင်ပြင်တော်ရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကုန်းတော်မြေတွင် တည်ထားကိုးကွယ်သည့် မာရဝိဇယ ရုပ်ပွားတော်ကြီးမှာ လက်ရှိတွင် ထုဆစ်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရုပ်ပွားတော်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို လာမည့် သြဂုတ်လ(၁)ရက် (ဒုတိယဝါဆိုလပြည့်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ပွားတော်ကြီးအား လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများကို သြဂုတ်လ(၁၆)ရက်အထိ မည်သူမဆို လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌမှ ပြော သည်။
ထို့နောက် သြဂုတ်လ(၁၆)ရက် နောက်ပိုင်းမှစ၍ နိုင်ငံတကာထုံးတမ်းအစဥ်အလာများနှင့်အညီ သတ်မှတ် အခကြေးငွေဖြင့် ဖူးမြော်ကြည်ညိုလေ့လာခွင့်ကို ဆောင်ရွက်နိုင်ရေးအတွက် အစီအစဥ်များ ရေးဆွဲတင်ပြ၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“သြဂုတ်လ (၁၆)ရက် နောက်ပိုင်းမှာတော့ သင့်တင့်တဲ့အခကြေးငွေနဲ့ ဝင်ရောက်ဖူးမြော်ခွင့်ပြုမယ်ဆိုတာ ဆုံးဖြတ် ထားပြီးဖြစ်ပါတယ်။ ပမာဏကတော့ ဘယ်လိုခွဲခြားသတ်မှတ်မလဲဆိုတာ စီစဥ်ဆောင်ရွက်ထားတာမျိုးတော့ မရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဇူလိုင် ၂၁ ရက်) တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ထပ်မံအသိပေးပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်တွင်းရှိ သံဃာတော်အပါး (၉ဝဝ) နှင့် နိုင်ငံပေါင်း (၉)နိုင်ငံမှ သံဃာတော်အပါး (၇ဝ) ခန့်ကိုလည်း ပင့်ဖိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
စကျင်ကျောက်ဖြင့် ထွင်းထုပူဇော်သည့် ကမ္ဘာ့အမြင့်ဆုံး အဆိုပါမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကုန်ကျ စရိတ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်း (၄ဝ)ခန့်ရှိကြောင်း နစကထံမှ သိရသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ စုစုပေါင်းအမြင့်ပေမှာ (၈၁)ပေရှိပြီး အောက်ခံပလ္လင်တော်မှာ အမြင့် (၁၈)ပေနှင့် ဆင်းတုတော်တစ်ခုလုံး၏ အမြင့်မှာ (၆၃)ပေရှိကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်တွင် ကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကို နစက၏ UEC ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်လေ့လာမည်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း