မနက်ဖြန်တွင် ကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကို နစက၏ UEC ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်လေ့လာမည်
NSS - ဇူလိုင် ၂၂
မနက်ဖြန်(ဇူလိုင် ၂၃ ရက်) တွင် ကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့က သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
UEC ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့သည် ယမန်နေ့ (ဇူလိုင် ၂၁ ရက်) နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားပြီးဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရွေးကောက်ပွဲအား သွားရောက်လေ့လာ ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့၏ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်သည် (၅)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မနက်ဖြန်(ဇူလိုင် ၂၃ ရက်) တွင် ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူ (၂ဝဝ)ကျော်ကိုလည်း ဖိတ်ကြားကာ လေ့လာခွင့်ပြုထားကြောင်း သိရသည်။
မြန်မာအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲစနစ် များ၊ ရွေးကောက်ပွဲကျင်းပပုံလုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များ နှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို လေ့လာသိရှိခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား၌ ကောင်းမွန်သည့် ဆက်ဆံရေးရှိပြီး ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်မစ္စတာဟွန်ဆန်သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။
နိုင်ငံတော် တာဝန်ရယူထားသည့် လက်ရှိနစကအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ပြန် လည်ကျင်းပရန်အတွက် ပြင်ဆင်နေလျက်ရှိပြီး ၎င်းရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပသွားမည်ဟု ပြောဆိုထားဖူးသည်။
သို့သော် အထွေထွေရွေးကောက်ပွဲကျင်းပမည့်အချိန်ကို နစကအနေဖြင့် တရားဝင်အသိပေး ပြောဆိုထားခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၂၂ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ