သဗ္ဗညုဘုရားကြီးနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ ပြုပြင်ရေးအစီအစဥ်များ တင်ပြထားပြီး အတည်ပြုချက်များရရှိပါက စီမံကိန်းလုပ်ငန်းများကို စတင်မည်ဟုဆို
ယွန်း (NSS) - ဇူလိုင် ၁၃
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဗ္ဗညုဘုရားကြီးအား ပြန်လည်ပြုပြင်ရေးအတွက် တရုတ်နိုင်ငံမှ ပညာရှင်များက ပြုပြင်ရေး အစီအစဥ်များကို သက်ဆိုင်ရာသို့တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီမံကိန်းကို စတင်ခြင်းမရှိသေးဘဲ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများကိုသာ ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဘုရားကြီးကိုတော့ ထိန်းသိမ်းရေးကိစ္စတွေကို မလုပ်သေးဘူး။ သုတေသနတူးဖော်မှုတွေတော့ လုပ်နေကြတယ်။ ပြီးတော့ ဘုရားကြီးကို ပြုပြင်ထိန်းသိမ်းမယ့် တရုတ်နိုင်ငံကနေ ထိန်းသိမ်းရေး plan ဆွဲလာတာရှိတယ်။ သူတို့တင်ပြတဲ့ Conservation Plan ကို ကျွန်တော်တို့ဘက်က အတည်ပြုတယ်ဆိုရင် စီမံကိန်းကို စမှာပေါ့” ဟု ပုဂံယဥ်ကျေးမှုနယ်မြေ ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကိုပြောသည်။
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အဆိုပါ ပြုပြင်ရေးစီမံကိန်းကို ပုဂံဌာနခွဲမှ သက်ဆိုင်ရာတာဝန်ရှိသူ များ အပါအဝင် မန္တလေးတိုင်းဒေသကြီး ယဥ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီမှ ဒေသခံအဖွဲ့ဝင်များက အကြံပြုချက်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပုဂံဌာနခွဲက သူတို့ရှင်းပြတာကို အကြံပြုချက်ပေးရမယ် ပြီးရင် ပုဂံဌာနခွဲထက် အဆင့်မြင့်တဲ့ပညာရှင်အဖွဲ့ကိုလည်း ဆက်ပြီးအကြံပြုချက်တွေ ပြန်ပေးဖို့လည်း တင်ပြထားတယ်”ဟု ၎င်းက ဆက် လက်ပြောကြားခဲ့သည်။
ပြုပြင်ရေးစီမံကိန်းများနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ တင်သွင်းထားသည့် အစီအစဥ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုမှသာ သဗ္ဗညုဘုရားကြီးပြုပြင်ရေးကို စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ (၉)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်အကြား သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးစာလွှာကို (၂ဝ၁၈) ခုနှစ် စက် တင်ဘာလ (၂၂)ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး (၂ဝ၁၉) ခုနှစ် ဧပြီလတွင် သဗ္ဗညုဘုရားအရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂ဝ၁၆) ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် အင်အား (၆ ဒသမ ၈) အဆင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံရှိ သဗ္ဗညုဘုရားအပါအဝင် ရှေးဟောင်းစေတီပုထိုးပေါင်း(၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့သည်။
ပျက်စီးခဲ့သည့် စေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စေတီပုထိုး (၃၈၉)ဆူအနက် သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရားအားလုံးကို ပထမအဆင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးဖြစ်ရာ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ရေးကိုအစီအစဉ်များအတိုင်း စတင်ပြီး ရှေ့သို့ချီပါတီခေါင်းဆောင် တစ်ဦးတည်းသာ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရဟုဆို
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း