ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်၌ မိုင်းခွဲခံခဲ့ရသော တံတားကို ပြင်ဆင်နေပြီး လမ်းပိုင်းကို ပိတ်ပင်ထားခြင်းမရှိဘဲ ဘုရားဖူးများလာရောက်နိုင်ဟု အသိပေး
ယွန်း (NSS) - ဇူလိုင် ၉
ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်၌ မိုင်းခွဲခံခဲ့ရသော တံတားကို ပြင်ဆင်နေပြီး လမ်းပိုင်းကို ပိတ်ပင်ထားခြင်းမရှိဘဲ ဘုရားဖူးများလာရောက်နိုင်ကြောင်း ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက အသိပေးပြောဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၆)ရက်က PDF ပူးပေါင်းအဖွဲ့သည် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းပေါ်ရှိတံတားတစ်စင်းကို မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဥ်ကြောင့် ဘုရားဖူးပြည်သူအချို့အနေဖြင့် တောင်ပေါ်တွင် ပိတ်မိနေမှုများလည်း ရှိခဲ့သည်။
လက်ရှိတွင် အဆိုပါတံတားအား ပြန်လည်ပြုပြင်မှုများဆောင်ရွက်လျက်ရှိပြီး မကြာခင်အချိန်၌ ပြီးစီးနိုင်ကြောင်း ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက ဆိုထားသည်။
“တံတားအခြေအနေကလည်း (၈)ရက်နေ့ကနေစပြီး ပြန်လုပ်နေပါတယ်။ လမ်းကိုလုံးဝပိတ်ထားခြင်းမရှိပါဘူး။ တံတားကသံကူကွန်ကရစ်တံတားလေ သူတို့ဖျက်ဆီးတာက အလယ်ကနေမိုင်းခွဲလိုက်တော့ အခင်း ပေါက်သွားတာပေါ့။ အခုပြန်လုပ်တာက အခင်းခွာတာ (၃)ပုံ(၂)ပုံပြီးနေပြီ၊ ဒီညနေလောက်ဆို အခင်းခွာတာပြီးမယ့်အနေအထားရှိပါတယ်။ ပြီးရင် ပြန်လောင်းဖို့ ပစ္စည်းတွေလည်း တင်နေပါတယ်။ အများဆုံးကြာရင် (၇)ရက်လောက်ပါပဲ ပြီးရင် လမ်းခိုင်မာမှု အရတော့ (၂)ရက်လောက်တော့ အသားသေအောင် ထားရမှာပေါ့။ (၈)ရက်၊ (၉)ရက်လောက်ဆိုရင် လုံးဝပြီးသွားမယ့် အနေအထားရှိပါတယ်”ဟု ဦးစိုးလှက NP News ကိုပြောသည်။
တံတားပြုပြင်မှုများကို လမ်းတံတားဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး လမ်းပိတ်ထားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းတို့အနေဖြင့် ယခင်အတိုင်း ဘုရားဖူးများသွားလာနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“လမ်းကိုလုံးဝပိတ်ထားခြင်းမရှိပါဘူး။ ရင်ပြင်တော်ဂိတ်ကနေ ဖျက်စီးခံရတဲ့တံတားအထိကို ကားတစ်ဆင့်ပို့တယ် အဲဒီကနေဖြတ်ကူးတယ် ပြီးတော့ ဒီဘက်ထိပ်ကနေ ကင်းပွန်းချောင်းကိုပြန်ကြိုပေးတယ်။ ပြန်တက်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ တံတားရဲ့ အရှည်ကလည်း ပေ(၄ဝ)လောက်ရှိတယ်ဆိုတော့ ပေ(၄ဝ)လောက်ကိုလမ်းလျှောက်ရတာပေါ့။ ကျန်တဲ့ အစားအသောက်၊ အနေအထိုင်၊ တည်းခိုတာတွေ ဘာမှပိတ်ထားတာမရှိပါဘူး”ဟု ဦးစိုးလှက အသိပေးပြောဆိုထားသည်။
လက်ရှိတွင် ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားဝင်ရောက်မှုများရှိနေပြီး ထိုင်းနိုင်ငံမှ အများဆုံးလာရောက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရားသို့ ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်တွင်းခရီးသွား(၅၅၇၂)ဦး လာရောက်ခဲ့ပြီး ပြည်ပခရီးသွားဧည့်သည် (၈၂၈)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံအနေဖြင့် ဆယ်စုနှစ်ချီ သက်တမ်းရှိဓါတုလက်နက်များကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း