နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
Pika (NSS) - အောက်တိုဘာ ၁၉
ရုရှားက ယူကရိန်းကို နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်ကြောင်း နဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ယူကရိန်းရဲ့ကြိုးပမ်းမှုမှန်သမျှကို သင့်လျော်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းဟာ နိုင်ငံလုံခြုံရေးအတွက် နျူကလီးယားလက်နက် သို့မဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ လိုအပ်တယ်လို့ သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပူတင်ရဲ့သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ယူကရိန်းဟာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်မရမှသာ နျူကလီးယားလက်နက်တွေအတွက် ဆွေးနွေးမှုတွေရှိလာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပူတင်က "ဒါက နောက်ထပ်ရန်စမှုတစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ရန်စမှုတစ်ခုဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုးကို သင့်လျော်တဲ့ လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမှာပါ"လို့ပြော ဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ရုရှားနဲ့စစ်ပွဲမဖြစ်ပွားခင်အချိန်တည်းက နျူကလီးယားလက်နက်ကို ပိုင်ဆိုင်လိုတဲ့ ဆန္ဒတွေကို အမြဲတမ်းဖော်ပြခဲ့တယ်လို့ ပူတင်က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ပူတင်က "ဒီနေ့ခေတ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့က မခက်ခဲပါဘူး။ ဒါပေမဲ့လည်း ယူကရိန်းက နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ လုပ်ဆောင်နိုင်စွမ်း ရှိ/မရှိဆိုတာတော့ ကျွန်တော်မသိပါဘူး။လက်ရှိအခြေအနေနဲ့ ယူကရိန်းအတွက် နျူကလီးယားလက်နက်တိုက်ရရှိဖို့က ထင်သ လောက်မရိုးရှင်းပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဗြိတိန်လိုမျိုး အခြားနိုင်ငံတွေက ယူကရိန်းကို နျူကလီးယားလက်နက်တွေ လျှို့ဝှက်ပြီး ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိဆိုတဲ့ မေးခွန်းတွေကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ပူတင်က "အဲဒီလိုမျိုး လျှို့ဝှက်ပြီးထောက်ပံ့ပေးဖို့က မဖြစ်နိုင်ပါဘူး။ ဒီလိုလမ်းကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို ရုရှားကခြေရာခံနိုင်စွမ်းရှိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ