ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
Pika (NSS) - စက်တင်ဘာ ၂၄
ယူကရိန်းနှင့် ဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားတပ်ဖွဲ့များ အနိုင်ရရှိစေရန်အတွက် ယခုနှစ်အတွင်း ဒရုန်းထုတ်လုပ်မှုကို ဆယ်ဆဝန်းကျင် ဒရုန်းအစင်းရေ(၁ ဒသမ ၄)သန်းခန့်အထိ တိုးမြှင့် ထုတ်လုပ်နေကြောင်း ရုရှားသမ္မတပူတင်က စက်တင် ဘာလ (၁၉) ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ပူတင်က "(၂၀၂၃) ခုနှစ်မှာ အမျိုးအစားအမျိုးမျိုးရှိတဲ့ စုစုပေါင်း ဒရုန်းအစင်းရေ(၁၄ဝဝဝဝ)ခန့်ကို ရုရှားတပ်ဖွဲ့တွေဆီ ဖြန့်ကြက်ချထားပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒရုန်းတွေထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် (၁၀)ဆဝန်းကျင်လောက် ပိုများသွားပါပြီ။ စစ်မြေ ပြင်မှာ ဒီလိုစစ်လက်နက်ပစ္စည်းတွေ တောင်းဆိုမှုကို လျင်လျင်မြန်မြန် လုပ်ဆောင်ပေးနိုင်တဲ့နိုင်ငံကပဲ အနိုင်ရရှိမှာပါ"ဟုပြောဆိုခဲ့သည်။ ပူတင်သည် ဒရုန်း ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့်ပတ်သက်ပြီး စိန့်ပီတာ စဘတ်မြို့တွင်ကျင်းပသော အစည်းအဝေးတစ်ခု၌ ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက နှစ်ဖက်စလုံးသည် ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့သည် အမြောက်များနှင့်လက်နက်တိုက်များကို ဖျက်ဆီးပစ်ခြင်းမှ စွမ်းအင်အခြေခံ အဆောက်အအုံနှင့် စစ်သင်္ဘောတို့ကို တိုက်ခိုက်ခြင်း တို့အထိ အကွာအဝေးတစ်ခုတွင်ရှိသော ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ပြည်ပနိုင်ငံများမှဒရုန်းများကို ဝယ်ယူခြင်းနှင့် ၎င်းတို့၏ကိုယ်ပိုင်ထုတ်လုပ်မှုများကို မြှင့်တင်ခဲ့ကြကြောင်းလည်းသိရသည်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားသည်မှာ အချိန်နှစ် နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိ အချိန်အထိ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူနိုင်ခြင်းမျိုးမရှိသေး ကြောင်းလည်းသိရသည်။ ထို့ပြင် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားအရေအတွက်နှင့်ပတ် သက်ပြီး နှစ်ဖက်စလုံးက တိကျသေချာသောအရေအတွက် အချက်အလက်များကို ထုတ်ပြန်ပြသခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ