စလင်းမြို့နယ်တွင် သံဃာတစ်ပါးကို PDF များက လူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားရာ သတင်းမရဖြစ်နေပြီး သံဃာတော်များ ဖမ်းဆီး၊ သတ်ဖြတ်ခံရမည်စိုး၍ တိမ်းရှောင်နေသည့် ဖြစ်စဉ်များရှိနေ
သုတကျော် (NSS) - မေ ၂၂
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် သံဃာတစ်ပါးကို PDF များက လူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားရာ သတင်းမရဖြစ်နေပြီး အဆိုပါ ဒေသဘက်တွင် သံဃာတော်များ ဖမ်းဆီး၊ သတ်ဖြတ်ခံရမည်စိုး၍ တိမ်းရှောင်နေသည့် ဖြစ်စဉ်များရှိနေကြောင်း ဖြစ်စဉ်ကိုသိရှိသူ သံဃာတစ်ပါးက NSS သို့ မိန့်ကြားသည်။
ဖမ်းဆီးခံရသည့် ဆရာတော်မှာ စလင်းမြို့နယ်၊ ပြတောက်ကျေးရွာအုပ်စု၊ ပြတောက်ကျေးရွာရှိ ဓမ္မမာမကကျောင်းမှ ဆရာတော် ဦးအင်္ကုရ ဖြစ်ကာ မေလ ၈ ရက် နံနက်ပိုင်း ဆွမ်းခံဝင်ချိန်တွင် လူဝတ်လဲ ဖမ်းဆီးသွားပြီးနောက်သတင်းအစအန ပျောက်သွားခြင်းဖြစ်ပြီး အဆိုပါကျေးရွာအနီးရှိ တောင်ကံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ မော်တော်ယာဉ်များကို ယူသွားသည့်ဖြစ်စဉ်လည်း အဆိုပါဖြစ်စဉ်နှင့်အတူ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း အဆိုပါ သံဃာတော်က မိန့်ကြားသည်။ “ဆန္ဒမတူတာနဲ့၊ သူတို့ ဆန္ဒမလိုက်တာနဲ့ အေးအေးချမ်းချမ်းနေတာ ဖြစ်ပါလျက်နဲ့ ကျောင်းမှာလာပြီးတော့ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာပဲ။ ဘုန်းကြီးမရှိရင် ပစ္စည်းယူတာတွေလည်း ရှိတယ်”ဟု ဆရာတော်က မိန့်ကြားသည်။
လည်စင်းခံနေရသည့် သံဃာတော်များ၏ အနေအထားကို နိုင်ငံတော် သံဃမဟာနာယက နှင့် နိုင်ငံတော်အစိုးရက သုံးသပ်ပေးရန်လိုသည်ဟု တိုက် တွန်းလိုကြောင်းလည်း အထက်ပါဆရာတော်က မိန့်သည်။ “အခုနယ်မြေအနေအထားအရ (တိမ်းရှောင်နေရတဲ့ သံဃာတော်အရေအတွက်က) စာရင်းပြုစုလို့ မရဘူး။ ဒါပေမဲ့ တော်တော်များများက စစ်တပ်ရှိလို့ တိမ်း ရှောင်ရတာထက် PDF တွေ ရပ်ရွာထဲဝင်လာပြီ၊ ရောက်လာပြီဆိုရင် တူညီတဲ့ ပြဿနာက ဘုန်းတော်ကြီးကို အဓိက ရန်ရှာတာ။ ဘုန်းတော်ကြီးတွေက ကျောင်းမှာဘုရားရှိခိုးတယ်၊ ပဌာန်းရွတ်တယ်၊ တရားဖွင့်တယ်ဆိုရင် ပြဿနာလုပ်ပြီ။ အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုံးသတ်တဲ့အထိ ဖြစ်နေတာပေါ့”ဟု ဆရာတော်က ဆက်လက်မိန့်သည်။
ဆိပ်ဖြူမြို့နယ်က ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတွင် ပြီးခဲ့သည့်နှစ်က ကထိန်လုပ်နေစဉ် အလှူငွေများကို လာသိမ်းကာ ဘုန်းတော်ကြီးကိုလည်း ဖမ်းသွားရာတွင် ယခုထက်တိုင် သတင်းအစအန မရတော့ကြောင်း မိန့်ကြားသည်။ “စလင်း၊ ဆင်ဖြူကျွန်း ပုသိမ် - မုံရွာ လမ်းတလျှောက် အဓိကတော့ ချင်းပြည်နယ် နဲ့ နီးတဲ့ ဘက်အခြမ်းပေါ့။ မပြောရဲဘူး ကြောက်တာ။ ထင်တာနဲ့သတ်တာ။ ဆိုကြပါစို့ ရပ်ရွာထဲမှာ ဘုန်းကြီးတစ်ပါးရှိရင် အဲဒီ ကိုယ်တော်လုပ်တာနေမှာဆိုပြီး သတ်ချင်နေတာ။ ဦးအင်္ကုရကို လူဝတ်လဲတယ်ဆိုတာကလည်း သိက္ခာတင်ပြီး အင်္ဂါခြောက်ပါး နဲ့ ပြည့်မှ ဘုန်းတော်ကြီးက လူထွက်ချင်စိတ်ရှိမှ သိက္ခာကျတာ။ ဦးအင်္ကုရကို ခေါ်သွားတဲ့ အကြောင်းကလည်း ဦးအင်္ကုရကျောင်းမှာ စစ်ဘေးရှောင်တွေပေါ့နော် အကုန်လက်ခံထားတယ်။ လူပြည့်လို့ လူပြည့်နေပြီ ဒကာမတွေလည်း များနေတော့ ဒကာမတွေတော့ လက်မခံတော့ဘူး။ နောင်လူချောင်ရင် ဒကာတွေပဲ လက်ခံတော့မယ် အဲဒါလေး ပြောတာတဲ့။ အဲဒီအကြောင်းပြချက်ကလေးနဲ့ ရမယ်ရှာပြီး ဘုန်းတော်ကြီးကို သတ်တာ”ဟု အထက်ပါ သံဃာတော်က မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် ငါနှင့်မတူ ငါ့ရန်သူဆိုပြီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များရှိနေရာ၌ သံဃာတော်များ နှင့် သီလရှင်များလည်း ပါဝင်နေပြီး နိုင်ငံရေး အပြောင်းအလဲစတင်ဖြစ်ချိန်မှစတင်၍ ယနေ့အထိ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာတော် အရေအတွက်မှာ အပါး ၁၀၀ ဝန်းကျင်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်သမ္မတအသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်နေ့မှာကျင်းပမယ်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း