ငလျင်ကြီးမလှုပ်သည်မှာ နှစ်ပေါင်း ၂၅ဝ ကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် ရခိုင်ပြည်နယ်၌ ငလျင်နှင့်ပတ်သက်၍ သတိပြုရန် လိုအပ်
ပုံစာ- ၂ဝ၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ပုဂံငလျင်
စော (NSS) - မတ် ၂၈
ငလျင်ကြီးမလှုပ်သည်မှာ နှစ်ပေါင်း ၂၅ဝ ကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် ရခိုင်ပြည်နယ်၌ ငလျင်နှင့်ပတ်သက်၍ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးက NP News ကို ပြောသည်။
ရခိုင်ငလျင်သည် ၁၇၆၂ခုနှစ်၊ ဧပြီလ ၂ ရက်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် စစ်တကောင်းကို ဗဟိုပြုခဲ့ကာ ငလျင်၏ သက်ရောက်မှုကို ရခိုင်ပြည်နယ်ကလည်း ခံစားခဲ့ရကာ အဆိုပါငလျင်ကြောင့် လူဦးရေ ၂ဝဝ ခန့် သေဆုံးခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။
“နှစ်ပေါင်း ၂၅ဝ ကျော်ကြာလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာဆိုရင် ငလျင်နှင့် ပတ်သက်ပြီး သတိပြုရန်လိုအပ်တယ်ဆိုတဲ့အကြောင်းကို သတိပေးပြောကြာထားတာရှိပါတယ်” ဟု ဒေါက်တာ ယဥ်မျိုးမင်းထွေးက ပြောသည်။
ငလျင်လှုပ်ရှားမှု မကြာခဏဖြစ်ပေါ်စေသော ဒေသများနှင့် ပြတ်ရွေ့တည်ရှိရာဒေသများတွင် နေထိုင်သူများ အနေဖြင့် ငလျင်သည် ကြိုတင်ခန့်မှန်းတွက်ချက်လို့မရသော သဘာဝဘေးတစ်မျိုးဖြစ်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုအစီအမံများ ဆောင်ရွက်ထားသင့်ကြောင်း ၎င်းက အကြုံပြုပြောဆိုထားသည်။
၁၉၃၀ ပြည့်နှစ်တွင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမြို့တွင် ငလျင်လှုပ်ရှားမှုဖြစ်ပွားခဲ့ရာ ၁၉၂၉ခုနှစ်နှင့် ၁၉၃၁ ခုနှစ် ကြားလှုပ်ခတ်ခဲ့သော ငလျင်များအနက် ပျက်စီးမှုအများဆုံး ငလျင်ဖြစ်ခဲ့ရာ လူသေဆုံးမှုမြင့်တက်ခဲ့ပြီး အဆိုပါငလျင်၏ အရှိန်ကြောင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ထိခိုက်မှုအချို့ဖြစ်ပွားခဲ့ရသည်။
“၁၉၃၀ နောက်ပိုင်းဆိုရင် နှစ်၉၀ကျော် ၁၀၀ နီးပါးဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာမှာလည်း ငလျင်ဖြစ်နိုင်ချေအလားအလာရှိတယ်။ ၁၉၃၀ လှုပ်ရှားခဲ့တဲ့ ပဲခူးငလျင်လှုပ်ရှားခဲ့တဲ့အချိန်ကလည်း ပဲခူးမှာသာမက ရန်ကုန်မှာလည်း ထိခိုက်မှုရှိခဲ့တယ်ဆိုအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ယခုအခါမှာ ပဲခူးဒေသမှာသာမကပဲ ရန်ကုန်မှာလည်း လူနေထိုင်မှုက ပိုမိုများပါးလာတယ်။ ရန်ကုန်မှာဆိုရင် အထပ်မြင့်အဆောက်အအုံတွေ များလာ လို့ ငလျင်နဲ့ပတ်သက်ပြီး သတိပြုရန်လိုအပ်ပါတယ်” ဟု ဒေါက်တာယဥ်မျိုးမင်းထွေးက ပြောသည်။
မိမိနေထိုင်ရာဒေသများတွင် သက်ရှင်ပြတ်ရွေ့များတည်ရှိနေပါက ငလျင်နှင့်ပတ်သတ်သော ကြိုတင်ဇာတ်တိုက် လေ့ကျင်မှုများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ပါက အဆောက်အအုံပြိုကျမှုကြောင့် လူများကို ထိခိုက်စေခြင်းဖြစ်ပေါ်နိုင်သည့်အတွက် ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အအုံအဖြစ် ဆောက်လုပ်ထား မည်ဆိုပါက ပိုမိုကောင်းမွန်ကြောင်း ဒေါက်တာယဥ်မျိုးမင်းထွေးက အကြံပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင် လိင်တူထိမ်းမြားလက်ထပ်ခြင်းဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးပမ်း
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း