ထိုင်းနိုင်ငံတွင် လိင်တူထိမ်းမြားလက်ထပ်ခြင်းဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးပမ်း
ALynn (NSS) - မတ် ၂၈
ထိုင်းနိုင်ငံ အောက်လွှတ်တော်မှ ဥပဒေပြုအမတ်များသည် ကျား/မ မရွေး အိမ်ထောင်ဖက်များအတွက် တန်းတူညီမျှအခွင့်အရေး တရားဝင်ဖြစ်စေမည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းကို တခဲနက်အတည် ပြုခဲ့ရာ အရှေ့တောင်အာရှတွင် ပထမဆုံးသော လိင်တူလက်ထပ်ခွင့်ပြုသည့်နိုင်ငံဖြစ်လာသည်။
လွှတ်တော်ကိုယ်စားလှယ် လေးရာကျော်က ၎င်းဥပဒေကြမ်းကို မတ်လ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) က မဲခွဲဆုံးဖြတ်ခဲ့ ကြပြီး ဗီဒီယိုဖိုင်မှတ်တမ်းများတွင် ၎င်းဥပဒေကြမ်း နှင့်ပတ်သက်ပြီး အမတ်များ မတ်တပ်ရပ် လက်ခုပ်သြဘာ ပေးနေကြသည်ကို မြင်တွေ့ခဲ့ရသည်။
Pheu Thai ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာတန်းတူညီမျှမှု ဥပဒေကြမ်းကို ကြီးကြပ်သည့်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် Danuphorn Punnakanta က “ထိုင်းမှာ တန်းတူညီမျှအခွင့် အရေးကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်း၊ နောက်ထပ်လည်း ပြည်သူများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို အခြေခံသည့် ဥပဒေများ ထွက်ရှိလာဦးမည်ဖြစ်ကြောင်း” X တွင် ရေးသားခဲ့သည်။
ယခုဥပဒေကြမ်းမှာ အထက်လွှတ်တော်၏ အတည်ပြုချက်နှင့် ထိုင်းဘုရင်၏ ထောက်ခံချက် ရယူရန် လိုအပ်ဦးမည် ဖြစ်သည်။ ယင်းထောက်ခံချက်ပြီးနောက် အဆိုပါဥပဒေကြမ်းကို တော်ဝင်သတင်းစာတွင် ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အကြာတွင် ဥပဒေဖြစ်လာမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုင်းနိုင်ငံသည် ထိုင်ဝမ်နှင့် နီပေါတို့ပြီးနောက် အာရှ တွင် လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုသည့် တစ်ခုတည်းသောနိုင်ငံဖြစ်လာမည်ဖြစ်သည်။ ပါတီများက လိင်တူလက်ထပ်ခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေကြမ်း ၄ ခုကိုတင်သွင်းခဲ့ပြီး ၎င်းတို့ကို တစ်ခုတည်းဖြစ်အောင် ပြန်လည်စုစည်းခဲ့သည်။
ထိုင်းနိုင်ငံတွင် လိင်တူလက်ထပ်ခြင်းဥပဒေအား ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆွေးနွေးခဲ့သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများနှင့် သဘောထားကွဲလွဲမှုများက အဆိုပါချဉ်းကပ်မှုအား ဝေးကွာသွားစေသည်။ ထိုင်းနိုင်ငံသည် လိင်တူလက်ထပ်ခြင်းနှင့်ပတ်သက်၍ အခြားသော အရှေ့တောင်အာရှနိုင်ငံများထက် သာလွန်သည်။ ဗီယက်နမ် သည် လိင်တူထိမ်းမြားလက်ထပ်ခြင်း အတွက် ပြစ်ဒဏ်များကို ၂၀၁၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော်လည်း လိင်တူ လက်ထပ်ခြင်းကို တရားဝင်အသိအမှတ်မပြုသေးပေ။ အခြားနိုင်ငံများဖြစ်သည့် မလေးရှား၊ မြန်မာ နှင့် ဘရူနိုင်း တို့ကမူ လိင်တူဆက်နွယ်မှုများကို ဥပဒေကျူးလွန်သည်ဟု မှတ်ယူထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘတ်စ်ကားမောင်းသူများ၏ သပိတ်မှောက်မှုကြောင့် ဆိုးလ်မြို့တွင် သွားလာရေးအခက်အခဲများရှိလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ