ဘတ်စ်ကားမောင်းသူများ၏ သပိတ်မှောက်မှုကြောင့် ဆိုးလ်မြို့တွင် သွားလာရေးအခက်အခဲများရှိလာ
ALynn (NSS) - မတ် ၂၈
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဘတ်စ်ကားမောင်းသူများသည် လစာတိုးမြှင့်ပေးရန် ညှိနှိုင်းကြရာ အောင်မြင်မှုမရသည့်အဆုံး မတ်လ ၂၈ ရက် (ကြာသပတေးနေ့) တွင် သပိတ်မှောက်ခဲ့ကြသည်။ ထို့ကြောင့် မြို့တော်တွင် လူပေါင်း ၉ သန်းကျော်၊ မြို့စွန်များတွင် ၁ သန်းကျော်လောက် သွားလာရေး အခက်ကြုံသွားခဲ့သည်။ ထိုသို့သော အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် နောက်ထပ်ရထားများ ပြေးဆွဲပေးခြင်း၊ မြေအောက်ရထား များကို နာရီပေါင်းများစွာ တိုးချဲ့ပြေးဆွဲပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့တော်အစိုးရမှ ပြောကြားခဲ့သည်။ မြို့တော်၏ ၂၅ ခရိုင်တွင် မြေအောက်ရထားဘူတာရုံများသို့ ပြေးဆွဲပေးသည့် ဘတ်စ်ကား အစီးရေ ၄၈ဝ ကိုလည်း ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့တော်တွင် ဘတ်စ်ကားမောင်းသူများ၏ ယခုသပိတ်သည် ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ဘတ်စ်ကားပြေးဆွဲခြင်း ၉၇ ရာခိုင်နှုန်းကို ဝန်ဆောင်မှုပေးနေသည့် ဆိုးလ်ဘတ်စ်အလုပ်သမားသမဂ္ဂက ၎င်းတို့၏ အလုပ်ရှင်များကို နာရီအလိုက်လုပ်အားခ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းမှု မအောင်မြင်ခဲ့ခြင်းကြောင့် ယခုလို ဆန္ဒပြရခြင်းဖြစ်သည်။
"သမဂ္ဂနှင့် စီမံခန့်ခွဲရေးတို့ကြား သဘောတူညီချက်မကြာမီ အမြန်ဆုံးရရှိရန် ကျွန်ုပ်တို့အားလုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်" ဟု ဆိုးလ်မြို့တော်၏ သယ်ယူပို့ဆောင်ရေး စီမံကိန်းဗျူရိုမှ အကြီးအကဲ Yoon Jong-jang က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဆိုးလ်မြို့ရှိ ဘတ်စ်ကားများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းစနစ်ဖြင့် လည်ပတ်လျက်ရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီများက ဘတ်စ်ကားများကို စီမံခန့်ခွဲပြီး မြို့တော်အစိုးရကမူ ဝန်ဆောင်မှုများ အဆင်ပြေရန် စည်းမျဉ်းများ ချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
တောင်ကိုရီးယားတွင် အစိုးရ၏ ဆေးကျောင်းဝင်ခွင့် တိုးမြှင့်ရေး အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ထောင်နဲ့ချီသော အလုပ်သင်ဆရာဝန်များ၏ သပိတ်မှောက်မှုလည်း ရှိနေပါသည်။ သက်ကြီးရွယ်အိုနှုန်း မြင့်မားလာသည့် နိုင်ငံ၏အခြေအနေကြောင့် ဆရာဝန်ရှားပါးမှုကို ကုစားရန် ၎င်းအစီအစဉ်မှာ အရေးကြီးကြောင်း အစိုးရက ပြောကြားထားသော်လည်း အလုပ်သင်ဆရာဝန်များ၏ လုပ်ငန်းခွင်အခြေအနေများကို အာဏာပိုင်များက ပိုမိုကောင်းမွန်အောင် ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ဝေဖန်သူများက သုံးသပ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် လူမှုကူညီရေးအသင်းကားတစ်စီးကို မိုင်းခွဲ၊ ပစ်ခတ်တိုက်ခိုက်သော ကြောင့် လူနာ နှင့် ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ