တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ
စော (NSS) - ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် သက်တော် (၉၇) နှစ်အရွယ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးသည် ယနေ့(ဖေဖော်ဝါရီလ ၈ ရက်)၊ နံနက် (၀၂)မိနစ်၊ (၂၂)စက္ကန့်အချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ ဆရာတော်တစ်ပါးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အသိပေးကြေညာထား သည်။
“ဆရာတော်ကြီးက Emergency နဲ့ နေနေတာကြာပြီ။ လေး၊ ငါး၊ ခြောက်လလောက်ရှိပြီ။ ထိုင်းဘုရင်ဆေးရုံမှာ သွားကုပြီးတော့မှ အရေးပေါ်ကုသဆောင်ထဲမှာထားတာ။ လူကြီးရောဂါပေါ့။ အခုဟာက နဂါးနှစ်ကောင်ကျောင်းမှာလည်း ICU လိုသဘောမျိုး စက်တွေနဲ့ အခန်းတစ်ခန်းဖွဲ့ပြီး ဆရာတော်ကို အနီးကပ်စောင့်ကြည့်ကြတာပေါ့။ စောင့်ကြည့်လာရင်းနဲ့ မနေ့ည (၁၀)နာရီလောက်ကစပြီး ဖောက်လာတာပေ့ါ။ အဲဒီမှာ နံနက် ၁၂နာရီစွန်းစွန်းလောက်မှာ ပျံလွန်တော်မူသွားတယ်”ဟု တာချီလိတ်မြို့ခံတစ်ဦးက NSS ကိုပြောသည်။
နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိပြီဖြစ်ပြီး (၉၆)ပါးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာတော်ကြီးက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်လေ ဘာပဲပြောပြော နိုင်ငံတော်အတွက်ရော ၊ တာချီလိတ်အတွက်ရော ကြီးမားတဲ့ဆုံးရှုံးမှုပေါ့။ ဒီလိုမျိုး ဆရာတော်ကြီးတွေ နောင်ပေါ်ဖို့ဆိုတာလည်း မလွယ်ဘူးလေ။ ထိုင်းဘုရင်တောင်မှ ကိုးကွယ်တဲ့ဆရာတော်ကြီးဆိုတော့လေ။ ထိုင်းဘုရင်ရယ်၊ ကျွန်တော်တို့ဘက်က နိုင်ငံတော် အကြီးအကဲတွေ အကုန် လုံး အဆင့်ဆင့်ကိုးကွယ်ကြတာပေါ့”ဟု ၎င်းက ပြောသည်။
ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားနှင့်ပတ်သက်၍ ကျင်းပမည့်ရက်ကို ယာယီအားဖြင့် ဧပြီလအတွင်း သတ်မှတ်ထားသော်လည်း အတိအကျမသိရသေးကြောင်း တာချီလိတ်မြို့ခံက ဆက်လက်ပြောသည်။ နဂါးနှစ်ကောင်ဆရာတော်ကြီးသည် နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တံဆိပ်များကို ရရှိထားသော ဆရာတော်ကြီးတစ်ပါးဖြစ်သည်။
နဂါးနှစ်ကောင်ကျောင်းတိုက်မှ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် (၁၂၉၀)ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းကိန်ကျေးရွာ၌ ဖွားမြင်ခဲ့ပြီး (၁၂၉၉)ခုနှစ်၊ တပေါင်းလဆန်း(၁၅)ရက်တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း တိုက်ဆရာတော်ထံတွင် “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေ အဖြစ်ခံယူခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၄ ခုနှစ် ဇန်နဝါရီလက အပူဆုံးလတစ်လအဖြစ် စံချိန်တင်ခဲ့ကြောင်း ဥရောပသမဂ္ဂသိပ္ပံပညာရှင်များပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း