၂ဝ၂၄ ခုနှစ် ဇန်နဝါရီလက အပူဆုံးလတစ်လအဖြစ် စံချိန်တင်ခဲ့ကြောင်း ဥရောပသမဂ္ဂသိပ္ပံပညာရှင်များပြော
Pika (NSS) - ဖေဖော်ဝါရီ ၈
ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန်များဆက်လက်မြင့်တက်လာမှုနှင့်အတူ ကမ္ဘာကြီးသည် စံချိန်တင် အပူဆုံး ဇန်နဝါရီလကို ကြုံတွေ့ခဲ့ရကြောင်း ဥရောပသမဂ္ဂ၏ Copernicus Climate Change Service (C3S) က ဖေဖော်ဝါရီလ(၈)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့အပြင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော အပူဆုံး ဇန်နဝါရီလကို ကျော်တက်သွား ခဲ့ကြောင်း C3S ၏ မှတ်တမ်းများအရ သိရသည်။ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရှိ ရေမျက်နှာပြင်ကို ပူနွေးလာစေသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ် နှင့် လူသားများကြောင့်ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုနှင့်အတူ ၂ဝ၂၃ ခုနှစ်သည် ကမ္ဘာ့မှတ်တမ်းများတွင် အပူဆုံးနှစ်တစ်နှစ်အဖြစ် သတ်မှတ်ခံရပြီးနောက် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလသည် အပူဆုံးလတစ်လအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်ဇွန်လမှစတင်ပြီး လတိုင်းသည် ယခင်နှစ်များ၏ လများနှင့်နှိုင်းယှဉ်မည်ဆိုပါက ကမ္ဘာပေါ်တွင် အပူဆုံး လများအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ C3S လက်ထောက်ဒါရိုက်တာ Samantha Burgess က "ဇန်နဝါရီလဟာ စံချိန်တင်အပူဆုံးလတစ်လ ဖြစ်ရုံတင်မကဘဲ စက်မှုလုပ်ငန်းတွေမစခင်ကာလထက် (၁ ဒသမ ၅) ဒီဂရီဆဲလ်စီးယက်စ်ကျော်ရှိတဲ့ (၁၂)လတာကာလကိုလည်း ကျွန်တော်တို့ ကြုံတွေ့ခဲ့ပြီးပါပြီ။ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျင်မြန်စွာလျှော့ချခြင်းဟာ ကမ္ဘာ့အပူချိန်တိုးလာမှုကို ရပ်တန့်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
၂ဝ၂၄ ခုနှစ်သည် ပြီးခဲ့သည့်နှစ်ထက် ပိုမိုပူပြင်းလာနိုင်ခြေ သုံးပုံတစ်ပုံရှိပြီး အပူပြင်းဆုံး ထိပ်ဆုံး(၅)နှစ်အတွင်း ပါဝင်နိုင်ခြေမှာ (၉၉)ရာခိုင်နှုန်းရှိကြောင်း အမေရိကန်သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ဝန်ထမ်း (၂၀)ခန့် ခေါ်ယူလျက်ရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ