(၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ပေါ်ထွန်းလာ
Pearl (NSS) - ဇန်နဝါရီ ၂၈
(၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ပေါ်ထွန်းတော်မူခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆)ရက်မှ စတင်၍ ယမန်နေ့ (ဇန်နဝါရီလ ၂၇ ရက်) အထိ ၃၃ ရက်တိုင်တိုင် (၇၆) ကြိမ် မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကြီးတွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်တွင် သီတင်းသုံးသော အရှင်ပညာသိရီလင်္ကာရ ( သက်တော် ၅၉ နှစ်)၊ (သိက္ခာတော် ၃၉ ဝါ)သည် တိပိဋကဓရ တိပိဋကကောဝိဒ (၁၆) ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း (၁၆) ပါးမြောက်ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဆရာတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ဆက်ကပ်ခဲ့ကြောင်း သိရသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁ဝ ပြည့်နှစ် (၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်ထိ (၇၆) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ပြီး ပထမအကြိမ်မှ (၇၅) ကြိမ်အထိ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။
(၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်ပညာဝံသာဘိဝံသသည် (၁၅) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်အဖြစ်ပေါ်ထွန်းခဲ့ပြီးနောက် (၄) နှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄) ခုနှစ် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၆) ပါးမြောက်အဖြစ် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝိနယပိဋကဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယ ပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်းနှင့် အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်းနှစ်ကျမ်းတို့ကို “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ” ဘွဲ့အတွက် ရေးဖြေစာမေးပွဲဖြေဆိုရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်တွင် ကားတစ်စီးလုံး မီးလောင်မှုဖြစ်ပွား
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း