(၃)နှစ်နီးပါး ရပ်နားထားခဲ့သည့် ကမ္ဘာအေးစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ကျင်းပမည်
ယွန်း (NSS) - ဇန်နဝါရီ ၂၇
(၃)နှစ်နီးပါးရပ်နားထားခဲ့သည့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေတွင် တည်ထားကိုးကွယ်သည့် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားခဲ့သည့် ၂၀၂၀ နောက်ပိုင်းကာလများမှစ၍ ရပ်နားထားခဲ့သည့် အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဥ်ကျင်းပနေသည့်ကာလအတိုင်း တပို့တွဲလဆန်း(၁၂)ရက်မှ တပို့တွဲလပြည့်ကျော်(၁)ရက် (ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်)အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“နှစ်စဥ်ကျင်းပခဲ့တာပေါ့။ ဒါပေမယ့် ကိုဗစ်ကာလမှာတော့ (၃)နှစ်လောက် မကျင်းပခဲ့ဘူးလေ။ ၂၀၂၀ ကနေစပြီးရပ်နားခဲ့ရတာပေါ့။ အခုနှစ်မှာပြန်စတာပါ။ ဘုရားပွဲတော်က တပို့တွဲလပါပဲ။ (၅)ရက်ကျင်းပမှာပါ။ ပဋ္ဌာန်းရွတ်ကြမယ်၊ ဘုရားအနေကဇာ တင်မယ်၊ ဆွမ်းကြီးလောင်းမယ်၊ ထမနဲပွဲလည်းပါတယ်။ ဘုရားပွဲရက်ကတော့ ဓာတ်တော်လည်း အပူဇော်ခံတော့ အဲဒီရက်တွေမှာ ဘုရားဖူးတွေကတော့ ပိုများပါတယ်”ဟု ကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့ဝင် ဦးအောင်ထွဋ်က NSS ကိုပြောသည်။
ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ(၂၁)ရက်မှစ၍ (၅)ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နှင့် (၂၃)ရက်၊ နံနက်(၈)နာရီအချိန်တွင် ထမနဲထိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၂၄)ရက်တွင် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး ဖေဖော်ဝါရီလ(၂၅)ရက်၌ ပင့်သံဃာတော်(၄၅)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းလောင်းအလှူမင်္ဂလာကျင်းမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော်(၄၅)ပါး စုစုပေါင်း(၄၈)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုင်းတုံမြို့နယ်တွင် လက်နက်များအပါအဝင် ငွေကျပ် (၁၅)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း