Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချောင်းနှစ်ခွ (၅၁)ရက်တိုက်ပွဲ သို့မဟုတ် သက်ရှိစည်းရိုးတို့ရဲ့ စိတ်ဓာတ်ရေးရာအောင်ပွဲ

Pearl (NSS) - မေ ၃ဝ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွအနီးရှိ လုံခြုံရေးစခန်းများကို KNU ပူးပေါင်းအဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၀)ရက်က စတင်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စစ်ကူလာနိုင်မည့် လမ်းကြောင်းများကိုလည်း KNU ပူးပေါင်းအဖွဲ့က ဖြတ်တောက်ကာ ရက်ပေါင်း(၅၀)ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပိတ်ဆို့ခံထားရစဉ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ ကိုယ်တိုင်ပါဝင် ခုခံတိုက်ခိုက်ခဲ့သူတစ်ဦးကို The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားမှုများအား NSS တွင် ပြန်လည်ဖော်ပြလိုက်ပါသည်။


မေး - ပထမဆုံးမေးချင်တာက ချောင်းနှစ်ခွက ဘယ်လိုမျိုးဒေသမျိုးလဲ။ ပတ်ပတ်လည်မှာ ဘယ်လိုရွာတွေရှိလဲ။ ပြီးတော့ ဘာလူမျိုးတွေ နေထိုင်ကြတာလဲ။

ဖြေ - ချောင်းနှစ်ခွက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစပ်၊ အတ္ထရံမြစ်ရဲ့ဘေးမှာပေါ့နော်။ ကရင်ပြည်နယ် ဘက်ခြမ်း ရောက်သွားတာပေါ့။ အတ္ထရံမြစ်ရဲ့ ကရင်ဘက်ခြမ်းကိုရောက်တာ။  အဲဒီနားမှာ ရွာတွေက မွန်ရှိတယ်၊ ကရင်ရှိတယ်၊ ဗမာရှိတယ်။ ချောင်းနှစ်ခွကလည်း မွန်၊ ကရင် ၊ ဗမာပြီးတော့ ဘေးပတ်လည်ရွာတွေကလည်း မွန်၊ ကရင် ရောနေတဲ့ ရွာတွေပေါ့။

မေး - ချောင်းနှစ်ခွကိုတိုက်မယ်ဆိုတဲ့ သတင်းကော ကြိုရလား။ ရခဲ့တယ်ဆိုရင် ဒေသခံတွေရဲ့သဘော ထားတွေက ဘယ်လိုသဘောထားတွေဖြစ်မလဲ။ ဒေသခံတွေကကော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ - ချောင်းနှစ်ခွကိုတိုက်မယ်၊ ဘယ်အချိန်တိုက်မယ်ဆိုတာ သတင်းကတော့ တောက်လျှောက်ရနေတာ။ ပြီးတော့ အတ္ထရံတံတား။ ချောင်းနှစ်ခွတံတား ကိုချိုးမယ်လို့ သတင်းရတာ။ ရွာသားတွေကလည်း ချိုးတော့ဘာရမှာလဲ။ ချောင်းနှစ်ခွကိုတိုက်တော့ကော သူတို့က ဘာကိုလိုချင်လို့တိုက်လဲ၊ ရည်ရွယ်ချက်ကဘာလဲပေါ့။ ချောင်းနှစ်ခွကို မွန်ပြည်နယ်ကနေ ကရင်ပြည်နယ်ထဲ ဆွဲထည့်ချင်တာလားပေါ့။ ချောင်းနှစ်ခွ တံတားချိုးလိုက်ပြီးရင် ဟိုဘက်ကို လွတ်မြောက်နယ် မြေအဖြစ်လုပ်ချင်တာလားပေါ့။ ချောင်းနှစ်ခွကို လုပ်ပြီး ကြာအင်းဆိပ်ကြီးကိုပါလုပ်ရင် သူတို့ လွတ် မြောက်နယ်မြေဖြစ်ချင်တာလားပေါ့။ ရွာသားတွေက တိုက်ပွဲမဖြစ်စေချင်ဘူး။ ငြိမ်းချမ်းမှုကိုပဲ လိုချင်တယ်။ ဒီတံတား ကိုပဲ မှီခိုပြီး သွားလာနေတာဖြစ်တဲ့အတွက်ကြောင့်မို့ ဖြစ်တာက မဖြစ်စေချင်ဘူး။ အေးအေး ဆေးဆေးပဲနေချင်တာပေါ့။ ဖြစ်ပြီဆိုတော့လည်း အကုန်လုံးပျက်စီးသွားတာပေါ့။ 

မေး - တိုက်ပွဲစဖော်တော့ကော ဘယ်လိုပုံစံနဲ့ စဖော်လဲ။

ဖြေ - ချောင်းနှစ်ခွကို တိုက်တော့မယ့်အချိန်မှာ အရင်ဆုံး သူတို့ အားဖြည့်နေခဲ့တယ်။ လက်နက်ခဲ ယမ်းဖြည့်နေခဲ့တယ်။ ပြီးတော့ နယ်မြေကို လှုပ်ရှားတယ်။ ရွာထဲကို၊ ရွာရဲ့ပတ်ဝန်းကျင်ကို သူတို့လူတွေ အရပ်ဝတ်တွေနဲ့၊ ရွာခံတွေပါတာပေါ့။ အထဲမှာ ရှိနေခဲ့တယ်။ ရှိနေပြီးတော့ စတိုက်တဲ့အချိန်မှာ သူတို့ကဒရုန်းကို အများဆုံးသုံးသွားတာပေါ့။ (၁၁)လပိုင်း (၁၀)ရက်နေ့ မနက်အစောကြီး (၄)နာရီခွဲမှာစပြီး ဒရုန်းနဲ့စချတယ်။ သူတို့မှန်းထားတာလည်း ရက်ပိုင်း လေးပဲမှန်းထား တာဆိုတော့ ပထမပိုင်းမှာတော့ သူတို့အင်အားမများဘူး။ (၃၀ဝ)လောက်ပဲရှိမယ်။ အင်အား (၃၀ဝ)လောက်နဲ့ပဲ ချောင်းနှစ်ခွရဲ့အနားက မရမ်းကုန်းဆိုတဲ့ရွာမှာ သူတို့စပြီးထိုင်တာပေါ့။ ထိုင်ပြီးတော့ ဒရုန်းတွေ လာလာချတာ။ (၄)နာရီခွဲမှာစပြီး ဒရုန်းနဲ့စချပြီး သိပ်မကြာခင် (၇)နာရီလောက်မှာ အောက်ခြေကနေ မီတာ (၈၀ဝ)လောက်ကနေ သူတို့ ဝိုင်းနေပြီ။ ရွာပတ်ချာလည် လေးမျက်နှာကနေဝင်ပြီးတော့ ဖြည်းဖြည်းချင်းကပ်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီမှာ ကာကင်းတွေ လေးမျက်နှာလုံးမှာရှိတယ်။ သတင်းရကတည်းက ကာကင်းတွေကို ကြိုထုတ်ထားပြီးတော့ အင်အားဖြည့် ထားတာ။ သူတို့ အဓိကကတော့ ဒရုန်းကိုသုံးသွားတယ်။ စစချင်းမှာတော့ အင်အားမများဘူး။ အဖွဲ့ငယ်ပေါင်းက ခေါင်းဆောင်(၁၇)ယောက်နဲ့ (၁၇)ဖွဲ့။ တစ်ဖွဲ့မှာတော့ အင်အားမများဘူး။ (၁၀)ယောက် ၊ (၁၅)ယောက်နဲ့ခေါင်းဆောင် တစ်ယောက်။ ပြီးရင် အယောက်(၃၀)ကို ခေါင်းဆောင်တစ်ယောက်ပေါ့။ ကျွန်တော်တို့က အင်တာဖမ်း (ကြားဖြတ်နား ထောင်ခြင်း) လို့ရတာ။ အင်တာဖမ်းမိတာကလည်း တိုက်ပွဲစပြီးတော့ (၈)ရက်မြောက်လောက်မှာ အင်တာဖမ်းလို့ရတာ။ အဲဒီအချိန်မှာ ဘယ်နှဖွဲ့ပါလဲဆိုတာသိရတာ။ 

မေး -  တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က အင်အားကကော ဘယ်လောက်ရှိလဲ။ တိုက်ပွဲကကော အချိန်ဘယ် လောက်လောက်ကြာသွားလဲ။ ဘယ်လောက်ထိ ပြင်းထန်လဲ။ ပြီးတော့ တိုက်ပွဲအတွင်းမှာ ဘယ်လိုမျိုးတွေကြုံ တွေ့ခဲ့ရ လဲ။ 

ဖြေ - တိုက်ပွဲမတိုင်ခင် တစ်လလောက်အလိုမှာ ကျွန်တော်တို့ဆီကို လက်နက်ကြီးအဖွဲ့၊ အမြောက်တပ်ဖွဲ့ရောက် လာ တယ်။ အမြောက်တပ်ဖွဲ့က (၅)ယောက်ပေါ့။ လက်နက်ကြီးနှစ်လက်ပါတယ်။ အဲဒါရောက်လာတယ်။ ပြီးရင် အမြောက် ကိုကာပေးမယ့် အဖွဲ့က အယောက်(၂၀)ပါတယ်။ ကျွန်တော်တို့ အင်အားရှိခဲ့တာတော့ (၃၄) ယောက်ရှိခဲ့တယ်။ ရဲ အယောက်(၂၀)ရှိတယ်။ ပြီးတော့ ကျွန်တော်တို့နေရာ ဖြန့်ယူထားတာက တံတားရဲ့ဘက်မှာ။ ပြီးတော့ ကျွန်တော်တို့ ယူရတဲ့ တံတားကကျတော့ ဟိုဘက်ခြမ်းရော ဒီဘက်ခြမ်းရောမှာ လုံခြုံရေးထား‌ပေးရတယ်။ ပြီးတော့ ကာကင်းကျတော့  နှစ်နေရာထပ်ထုတ်ထားတယ်။ တပ်စုတစ်စုကတော့ ရွာရဲ့ထိပ်မှာနေရာ ယူထားတယ်။ ပြီးတော့ ရွာရဲ့အရှေ့ဘက်မှာ တပ်စိပ်တစ်စိပ် ချထားပေးတယ်။ စခန်းတွင်း အင်အားကတော့ (၂၅)လောက်ပဲရှိတယ်။ အပြင်တွေမှာလည်း ထုတ်ထားတယ်။ စပြီး သူတို့ ဝင်လုံးရင်းလုံးရင်းနဲ့ အရင်ဆုံးစပြီးယူတာ တံတားကိုယူတာပေါ့။ တံတား ဒီဘက်အခြမ်းမှာ တပ်စိပ်တစ်စိပ်နဲ့ အောက်ခြေကလည်းလုံးတယ်။ ပြီးတော့ ဒရုန်းကလည်း ချတယ်ဆိုတော့  (၃)ရက်၊ (၄)ရက်‌မြောက် လောက်မှာ ကျွန်တော်တို့မှာ ကျည်ဆန်က တော်တော်နည်းလာတယ်။ ပြီးတော့ တံတားကိုလည်း နှစ်ဖက်လုံးက ညှပ် တယ်။ အဲဒီအချိန်မှာ အင်အားကများလာပြီ။ သူတို့လူတွေက (၇၀ဝ)လောက်ရောက်လာပြီ။ (၁၄)ရက်နေ့မှာ တံတားက ကျသွားတယ်။ တံတားက တပ်စိပ်တွေ အသိမ်းခံလိုက်ရတယ်။ ကျွန်တော်တို့ ဘက်က (၁+၄) ပါသွားတယ်။ ကျန်တဲ့အဖွဲ့ ကလည်း ဘေးမှာရှိတဲ့စခန်းတစ်ခုကို တစ်ဖွဲ့သွားပေါင်းနိုင်တယ်။ တောင်ကလေးစခန်းမှာ သွားပေါင်းနိုင်တယ်။ အဲဒီနေ့မှာပဲ ကြာအင်ဆိပ်ကြီးဘက်မှာရှိတဲ့ တံတားဘက်ကအဖွဲ့တွေက (၁၄)ရက်နေ့ ညနေမှာပဲ ကျွန်တော်တို့ စခန်းထဲ ကို ပြန်လာပေါင်းတယ်။ အဲဒီနေ့မှာ ပဲတံတားကျသွားတာပေါ့။ တိုက်ပွဲကတော့ အားလုံးပေါင်း (၅၁) ရက်ကြာ တာပေါ့ နော်။ သူတို့ဘက်က လာတိုက်လို့ တံတားလည်းရသွားပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့ကာကင်းက (၂)နေရာပဲ ကျန် တော့တယ်။ သူတို့က အဲဒီကာကင်းတွေကို ထပ်တိုက်လာတယ်။ စခန်းကိုတော့ ဒရုန်းနဲ့ပဲထိန်းထားတယ်။ စခန်းထဲက နေလည်း အပြင်ကို စစ်ကူပေးလို့မရအောင် ဒရုန်းက တောက်လျှောက်ဝဲတယ်။ တစ်ရက်ကို ဒရုန်းအလုံးပေါင်း (၁၀ဝ)က နေ (၁၂၀) ဝန်းကျင်ချတယ်။ ကျွန်တော်တို့စခန်းက မီတာ (၂၀ဝ) ပတ်ချာလည်လောက်ပဲ ကျယ်တာကိုး။ အဲဒီထဲကို ဒရုန်းတွေချည်းချတာ။ အစောတည်းကနေချတာ ညထိမပြီးဘူး။ တောက်လျှောက်ချနေတာ။ သူတို့က အလှည့်ကျနဲ့ချ နေတာ။ ဒရုန်းတပ်ဖွဲ့ကနှစ်ဖွဲ့ပါတာ။ ချတော့ ကာကင်းအဖွဲ့တွေက နောက်ထပ် ဆက်တောင့် ပေးနိုင်တာ (၄)ရက်ပဲ ဆက်တောင့်ပေးနိုင်တယ်။ ကာကင်းနှစ်ခုလုံးက ခဲယမ်းနည်းနေပြီ။ ပြီးရင် ရိက္ခာ၊ ရေရနိုင်ဖို့လည်း ခက်ပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့စခန်းထဲကိုပဲ အကုန်ပြန်ခေါ်လိုက်ရတယ်။ အဲဒီမှာ ဒဏ်ရာရတဲ့လူတွေလည်း ရှိလာပြီဆိုတော့  စခန်းထဲကို နှစ်ဖွဲ့လုံးဆွဲသွင်းလိုက်တယ်။ (၈)ရက်မြောက်နေ့လောက်မှာ စခန်းထဲကို အားလုံး‌ ရောက် သွားပြီ။ ကာကင်း အဖွဲ့တွေပါ စခန်းထဲကို အားလုံးရောက်တော့ သူတို့က ဖြည်းဖြည်းချင်းတိုးလာနိုင်တယ် ကပ်လာတယ်။ ရွာထဲမှာ လူတွေကလည်း မရှိတော့ဘူး။ (၃)ရက်မြောက်နေ့မှာ ရွာသားတွေ အကုန်ထွက်သွားကုန်ပြီ။ ထွက်သွားတဲ့အချိန်မှာ ရွာရဲ့အိမ်တွေထဲမှာ သူတို့အားလုံးနေရာယူလိုက်တယ်။ ပြီးရင် သူတို့ဘန်ကာပြင်တယ်။ ဘန်ကာပြင်တဲ့ အချိန်တွေမှာကျတော့ ကျွန်တော်တို့ ကို ဒရုန်းနဲ့ တောက်လျှောက်ချတယ်။ လက်နက်ကြီးပစ်တယ်။ ဒါနဲ့ပဲ ထိန်းထားတာ။  ထိန်းထား ပြီးတော့ရွာမှာ အခိုင် အမာနေရာယူ လိုက်တော့တာပေါ့။ ရွာပတ်ချာလည်မှာ အခိုင်အမာနေရာယူလိုက်ပြီးတော့ ပထမဦးဆုံးစတိုက်တဲ့ (၁၀)ရက်နေ့မှာပဲ ကျွန်တော်တို့ဘက်က အရာရှိတစ်ယောက်ကျသွားတယ်။ အားလုံးပေါင်းကျ တာတော့ တပ်ရင်းမှူး အပါအဝင် (၇)ယောက်ကျတာပေါ့နော်။ တောက်လျှောက်ကတော့ သူတို့ရွာထဲမှာ ထိုင်နေပြီးတော့ စခန်းနားအထိ ကပ်နိုင်တဲ့အချိန်မှာ စနိုက်ပါနဲ့ပဲ ထောက်ထားပြီးတော့ နေ့စဉ်ရက်စက်က ထိတွေ့မှု ကတော့ဖြစ် နေတာပဲ။ ပစ်နေ တာပဲ။ ကျွန်တော်တို့က စခန်းထဲကထွက်လို့မရတော့တဲ့အချိန်မှာ သူတို့ကရွာ ကိုပတ်ထား လိုက်ပြီးပစ်တယ်။ အဲဒီမှာ အင်အား(၃၀ဝ)လောက်ချန်ထားခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့စခန်းထောင့်တွေ ထောင့်တွေတိုင်းမှာ ဝိုင်းထားတယ်။ (၃၀ဝ)ဝန်းကျင်နဲ့ အလုပ်လုပ်တယ်။  ပြီးတော့ ကျွန်တော်တို့ကို စစ်ကူလာမယ့်စစ်ကြောင်း ကို ဖြတ်တောက်ဖို့အတွက် က တံတားကိုချိုးလိုက်တာက (၁၁)ရက်မြောက်နေ့လောက်မှာ ချိုးလိုက်တာ။ ချောင်းနှစ်ခွ တံတားကြီးကို မိုင်းခွဲပြီးချိုး လိုက်တာ။ ချိုးပြီးတော့ တံတားကနေ စစ်ကူမလာ နိုင်တော့ဘူးဆိုတဲ့အချိန် ချောင်းနှစ်ခွရဲ့ ဟိုဘက်မှာ ရွာတွေ၊ ကျောက်ပွဲတို့ ရွာတွေရှိတယ်။ မွန်ရွာတွေ၊ မွန်ကရင်ရွာတွေ။ အဲဒီရွာတွေမှာ သူတို့အင်အား (၄၀ဝ) လောက်နဲ့ စစ်ကူလာ မယ့်အဖွဲ့ကို အားလုံးပိတ်ထားတယ်။ ဖြတ်ခဲ့တယ်။ ဖြတ်ခဲ့တဲ့အချိန်ကျတော့ ကျွန်တော်တို့ဆီကို စစ်ကူလာခဲ့တယ်။ စစ်ကြောင်းတစ်ကြောင်းလာခဲ့တယ်။ ပထမစစ်ကြောင်း နောက်ပြန်ဆုတ်သွားရတယ်။ လာလို့မရဘူး။  တံတားနားကို ကပ်တယ်။ တံတားနားကို သိမ်းဖို့လုပ်တဲ့အချိန်မှာ သူတို့ဘက်က အင်အားအရမ်းများတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘက်က ဆုတ်ပေးလိုက်တယ်။ နောက်တစ်ကြောင်း ထပ်တက်လာတယ်။ နှစ်ကြောင်းလုံး တိုးလို့မရတော့ ဘူးဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ BGF တပ်ဖွဲ့က အဖွဲ့တွေပါ ဝင်လာတာပေါ့။ ပြီးတော့ လမ်းကြောင်းတွေမှာ အင်အားဖြည့်တယ်။ ဖြည့်ပြီးတော့ (၁၇)ရက် မြောက်နေ့လောက်မှာ တပ်ရင်းမှူးကျသွားတယ်။ စနိုက်ပါနဲ့။ (၁၇)ရက် လုံးလုံးကလည်း တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေခဲ့တာ။ ကျပြီးနောက်ရက်မှာ ကျွန်တော်တို့ကို ပစ်ကူပေးဖို့အတွက် တောင်ကလေး စခန်းကို ရတခတိုင်းက ဗျူဟာမှူး လာထိုင်တယ်။ အဲဒီကနေ တောက်လျှောက်ပစ်ကူပေးတာပေါ့။ (၁၇)ရက်မြောက် လောက်မှာ ကျွန်တော်တို့မှာ ရိက္ခာလည်း တော်တော်လေးနည်းသွားပြီ။  ဆန်ပဲရှိတော့တယ်။ တခြား ဘာမှမရှိတော့ဘူး ပေါ့။ မရဘဲနဲ့ တောက်လျှောက် ဒီအတိုင်းပဲနေတယ်။ ဘယ်လိုမှ ထွက်လို့လည်းမရဘူး။ စစ်ကူကလည်း လာတာ မရောက်နိုင်ဘူးဆိုတဲ့ အနေအထားဖြစ်တာပေါ့နော်။ ဗျူဟာမှူးကတော့ စစ်ကူကို မရရအောင် လွှတ်မယ်။ တိုင်းက လည်း တောက်လျှောက်ဆက်သွယ်ပါတယ်။ ပြီးတော့ လိုအပ်တဲ့ ရိက္ခာတွေနဲ့ ခဲယမ်းနဲ့ချပေးမယ်ဆိုပြီး ခဲယမ်းတွေ လေယာဉ်နဲ့ချပေးမယ်ပေါ့။ ဒီကြားထဲလည်း ခဲယမ်းနှစ်ခေါက်ချပေးတယ်။ ရိက္ခာတော့ မရလိုက်ဘူး။ ရက် (၂၀)လောက် ကြာတဲ့အချိန်မှာ ကျွန်တော်တို့ကို ရိက္ခာတွေချပေးတယ်။ Y12 တွေနဲ့။   ရိက္ခာပြတ်နေပါပြီလို့ သတင်းပို့တဲ့ အချိန်မှာ ရိက္ခာချပေးတယ်။ ခဲယမ်းလည်း ချပေးတယ်။ တစ်ခါချရင် ၁၂ ထုပ်နဲ့လာချတာ။ ရိက္ခာ (၆)ထုပ်၊ ခဲယမ်း (၆)ထုပ်။ ဒါပေမဲ့ ကျွန်တော်တို့ အလွန်ဆုံးရခဲ့တာက ခဲယမ်းဆိုလည်း နှစ်ထုပ်လောက်ပဲရတယ်။ ရိက္ခာဆိုလည်း နှစ်ထုပ်လောက် ပဲရတယ်။ ကျန်တာတွေကအကုန် စခန်းအပြင်မှာကျတာဖြစ်တဲ့အတွက် ကောက်လို့မရဘူးပေါ့နော်။ အထုပ်လာချလို့ ကောက်တိုင်းလည်း ကျွန်တော့်လူတွေက တစ်ယောက်ပြီး တစ်ယောက်ထိတယ်။ ရက် (၂၀) ကျော်သွားတဲ့အချိန် မှာ ကျွန်တော့်ဆီမှာ ဒဏ်ရာရစစ်သည် ၁၅ ယောက်အထက်မှာဖြစ်သွားပြီ။ ပြန်ပစ်နိုင်တဲ့ အနေအထားတွေရော၊ ပြန်မပစ်နိုင်တဲ့အနေအထားတွေရော။ အဲဒီမှာ လက်ကျန်လူတွေနဲ့ပဲ ဘန်ကာတွေမှာ လိုက်ဖြန့်ထားပြီးတော့ ရတဲ့ အထုပ် လေးတွေခွဲ။ ကျည်ဆန်ဆိုရင် အဲဒီအချိန်မှာလူတစ်ယောက်မှာ (၃၀)လောက်ပဲကျန်တော့တယ်။ ဘာမှလုပ်လို့မရတော့ ဘူး။ အဲဒီမှာပဲ ကျည်ဆန်ချပေးလိုက်တော့ ကျည်ဆန်ပြန်ဖြည့်လိုက်နဲ့ သူတို့ကို ခံတိုက်နေတာပေါ့။ အဲဒီမှာလည်း သူတို့ ခဏခဏဝင်လုံးတယ်။ ခြံစည်းရိုးကိုဖောက်တယ်။ ဘက်ပေါင်းစုံကနေ ဝင်ကြည့်တယ်။ ထောင့်တွေကနေ၊ အားနည်း လောက်တယ်လို့ ထင်တဲ့နေရာတွေကနေ ဝင်ကြည့်တယ်။ ဝင်ကြည့်တိုင်းလည်း သူတို့ ပြန်ပြန်လန်ကျသွားတော့ မတိုးနိုင်ဘူး။ မတိုးနိုင်တော့ သူတို့ဘာတွေ လုပ်လဲဆိုတော့ ပထမပိုင်းမှာ နွားနဲ့တိုးတယ်။ နွားတွေလွှတ်ပြီးတော့ မောင်း တင်ပေးတယ်။ ဒရုန်းချတယ်။ နွားတွေ မောင်းတင်ပြီးတော့ မိုင်းရှိ၊ မရှိတွေကို စစ်ကြည့်တာပေါ့။ ပြီးရင် လူတွေ နောက်ကလိုက်တယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ထိတွေ့မှု ပြန်ဖြစ်တာပေါ့။ အဲဒီကနေမရဘူး။ နောက်ပြန်ဆုတ် တယ်။ အဝေးကြီး တော့မဆုတ်ဘူး။ မီတာ (၃၀ဝ)လောက်မှာပဲ သူက အခြေပြန်ချတာပေါ့။ ပြီးတော့ အိမ်အောက်တွေမှာ ဘန်ကာတွေနဲ့ ပုန်းကျင်းတွေတူးပြီး ဘန်ကာတွေ ဆောက်ထားတဲ့အခါကျတော့ သူတို့က လေယာဉ်လာတဲ့အချိန် အဲဒီ အောက်တွေထဲ ဝင်ဝင်သွားတာ။  လေယာဉ်က တောင်းတဲ့အချိန်တိုင်း လာပစ်ပေးတယ်။ လေယာဉ်လာတဲ့အချိန်ဆို သူတို့ ကျင်းထဲမှာနေတယ်။ လေယာဉ်ပြန်တဲ့အချိန်ဆိုရင် ပြန်ထွက်တိုက်တယ်။ နောက်ဆုံး သူတို့ ခြံစည်းရိုးနဲ့ကပ်နေတဲ့ အချိန်ကျတော့ သူတို့အသံကိုလည်း ကျွန်တော်တို့ ကြားရတယ်။ ကျွန်တော်တို့ပြောနေတာတွေကိုလည်း သူတို့ကြားရ တယ်။ အဲဒီအချိန်မှာ လက်နက်ချဖို့အတွက် ခဏခဏအော်တာပေါ့။ အဲဒီမှာ အယ်စေး ဝါးကိုယ်တိုင် လာပြီးတော့အော် တယ်။ ပြောတယ်။ လက်နက်ချဖို့။ လက်နက်ချရင် မိသားစုနဲ့ပြန်တွေ့မယ် ဘာညာအော်ပြီးပြောတယ်။ ကိုယ်တွေက လည်း ကိုယ်တွေလူတွေကို ပြန်စည်းရုံးထားတာ။ လက်နက်ချလို့မရဘူး၊ မချနဲ့။ ဒီအတိုင်းပဲ စခန်းကို သူတို့တိုက် နိုင်တယ်ဆိုရင်တိုက်။ ကျသွားရင်လည်းရတယ်။ သေသွားရင် စခန်းကျသွားလိမ့်မယ်။ အဲဒီအတိုင်းပဲခံတိုက်ပါ။ ရတဲ့ရိက္ခာကို မျှပြီးစားမယ်။ ဖြန့်ပြီးတော့ ထားမယ်ဆိုပြီးတော့ ဆက်တိုက်တာပေါ့။  စစ်သည်တွေအားလုံးက နောက်ပိုင်း မှာ တပ်ရင်းမှူးကျသွား တာကလည်း တစ်ပိုင်းပေါ့နော်။ အဲဒီအချိန်မှာ အကုန်လုံးခေါင်းဆောင်တွေကို ခေါ်တွေ့ပြီး တော့မှ အခြေအနေတွေကတော့ ကိုယ်တွေခေါင်းဆောင်ကိုတော့ စနိုက်ပါနဲ့ပစ်လိုက်တယ်။ ထိသွားတယ်။ စနိုက်ပါ ပေါင်ကိုထိပြီးတော့ သွေးထွက်လွန်ပြီးဆုံးသွားတယ်။ အဲဒါကြောင့် ငါတို့လည်း ငါတို့အတွက်အကျိုးအမြတ်မရှိဘဲနဲ့ ဒီနေရာကနေ လုံးဝစွန့်လို့မရဘူး။ စွန့်ပြီဆိုရင် ကျန်တဲ့စခန်းတွေပါ ဒုက္ခရောက်နိုင်တဲ့အတွက် လုံးဝ စိတ်ဓာတ်မကျပါနဲ့။ လက်နက်မချနဲ့ဆိုပြီးတော့ သေချာခေါ်မှာ။ ပြီးတော့မှ ခဲယမ်းတွေကိုမျှပြီးတော့မှ တချို့ဘန်ကာတွေမှာကျတော့ ခဲယမ်းကျန် နေသေးတယ်။ အဲဒါလေးကို ပြန်စုပြီးတော့ မျှလိုက်တာ။ ဘန်ကာလိုက်မျှပြီးတော့ သေချာမှပစ်တော့။ တစ်တောင့်ကို တစ်‌ယောက်နဲ့ပဲပစ်တော့။ ဒီအတိုင်းပဲ တောင့်ခံထားပါဆိုပြီးတော့ မှာလိုက်တယ်။  အဲဒီမှာ ကျန်ခဲ့တာ တစ်ခုရှိသေးတယ်။ အမြောက်က စခန်းကို ဝိုင်းပစ်ကူပေးသေးတယ်။ ကျွန်တော်တို့စခန်းကို ဝိုင်းထားတဲ့ (၄)ရက် မြောက်လောက်အထိ အထဲကနေ မီတာ (၂၀ဝ) ပတ်ချာလည်ကို  ပြောင်း‌ထောင်ပြီးတော့ ပစ်နိုင်သေးတယ်။ နောက်ပိုင်း ကျတော့မှ အမြောက်ကိုထောင်ပြီးတော့ ခဲယမ်းကို အမြောက်ဆန်ထည့်ဖို့အတွက်တောင် အဆင်မပြေတော့ဘူး။ စနိုက်ပါတွေက ထောက်ထားတာဖြစ်တဲ့အတွက် အမြောက်ကသုံးလို့ မရတော့ဘူး။ အဲဒါ စခန်းထဲကအမြောက်သုံးလို့ မရတော့ တောင်ကလေးဘက်ကအမြောက်က ပစ်ကူပေးတာပေါ့။ တောင်ကလေးက ကျွန်တော်တို့ကို ထောင်ပေးထား တဲ့ စခန်းတစ်ခုရှိတယ်။ အဲဒီကနေ လှမ်းပြီးပစ်ကူပေးတယ်။ ကျွန်တော်တို့ အမြောက်တပ်ဖွဲ့ရော ရဲတပ်ဖွဲ့ရော သူ့နေရာ လိုက်သူဖြန့်ပြီးတော့ စခန်းကို (ဝ)လုံးပုံစံဝိုင်းပြီးတော့ နေရာယူပြီးတော့ ခံစစ်နဲ့ပဲ ပြန်သွားရတာပေါ့။ အဲဒီကြားထဲမှာ အခက်အခဲတော့ရှိတာပေါ့။ စားရေးသောက်ရေးအခက်အခဲ၊ ရေအခက်အခဲ၊ တခြားအုပ်ချုပ်မှု အခက်အခဲ တွေရော၊ ဆေးဝါးအခက်အခဲတွေက အများကြီးဖြစ်တာပေါ့။ တပ်ရင်းမှူးဆိုရင် မကျသင့်ဘဲနဲ့ ဆေးတွေကပြတ် သွားတာရှိတယ်။ နောက်ဆုံးဆိုရင် ကျွန်တော်တို့မှာ ဒရစ်ချိတ်ဖို့လောက်ပဲရှိတော့တယ်။ အကိုက်အခဲ ပျောက်ဆေးဆိုရင်တောင်မရှိတော့ တဲ့အချိန်မှာ ဆေးကုဖို့ခက်သွားတယ်။ ရိက္ခာချတဲ့အချိန်တွေကျမှ ကျွန်တော်တို့ဆေးတွေကို ရိက္ခာထုပ်တွေထဲမှာ ပေါင်းပြီးထည့်တာပေါ့။ (၅၁)ရက်လုံးမှာဆိုရင်  တိုက်ပွဲချည်းရယ်လို့မဟုတ်ဘူး။ ဘေးကနေ စနိုက်ပါနဲ့ပစ်နေတာ။ ဘယ်လောက်ထိလဲဆိုရင် ရေတောင်ခပ်လို့ မရဘူး။ အပြင်ထွက်ပြီး အုပ်ချုပ်မှုကိစ္စလေးတောင် လုပ်လို့မရဘူး။ ဆက်သွယ်ရေးမြောင်းတွေကနေ လှိမ့်ပြီးသွားနေရတာ။ ဘန်ကာထဲမှာနေရင်းနဲ့လည်း နှစ်ယောက်ကျသွားတယ်။ နည်းနည်းလေး ထွက်တာနဲ့ပစ်တာ။ ဒီကျဉ်းကျဉ်းလေးထဲမှာထည့်ထားပြီး ဝိုင်းရိုက်နေသလိုမျိုးပေါ့။ ဒရုန်းကတော့ အပျင်းပြေလာချ နေသလိုပဲ။ ဘယ်လိုမှ လှုပ်လို့မရဘူး။ လက်ထွက်ရင် လက်ကိုပစ်တယ်။ ခြေထောက်ထွက်ရင် ခြေထောက်ပစ်တယ်။ ဘက်ပေါင်းစုံကပစ်နေတော့ ကျွန်တော်တို့လည်း ဘယ်ပြန်ပစ်ရမလဲ မသိဘူး။ ကျွန်တော်တို့ ဘက်က (၅၈)ယောက် ပြန်ပါလာတယ်။ နှစ်ယောက်တော့ကျတယ်။ ကျန်တာတော့ ဒဏ်ရာရတယ်။ အကောင်းပကတိ ကျန်တာ (၂၀)လောက်ပေါ့။  အင်အားက (၁၀)ဆမကဘူးလေ။ သူတို့က အားလုံးပေါင်း (၁၃၀ဝ) မကဘူး။ ဝိုင်းပြီး တိုက်နေတာ။ တစ်ဖွဲ့တက်လိုက်။ တစ်ဖွဲ့ဆင်းလိုက်နဲ့။ သူတို့အတွက်ကတော့ ပင်ပန်းချင်မှပင်ပန်းလိမ့်မယ်။

မေး - ဟုတ်ကဲ့။ တိုက်ပွဲတောက်လျှောက်မှာ ရိက္ခာတွေလည်းပြတ်တယ်လို့ကြားတယ် ခုနကပြောတဲ့အထဲမှာ။ အဲဒီတော့ ရိက္ခာအတွက် ဘယ်လိုမျိုးဖြေရှင်းခဲ့လဲ။ 

ဖြေ - ရိက္ခာတွေ ပြတ်တောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မစားဘဲနေခဲ့ရတဲ့ရက်လည်းရှိတာပေါ့။ ပုံမှန်ကတော့ ရိက္ခာမရှိတော့တဲ့အချိန်မှာ ကျွန်တော် ဆန်တစ်အိတ်လောက်ပဲ ကျန်တာသိတဲ့အချိန်မှာ ကျွန်တော်ခွဲလိုက်တယ်။ ခွဲလိုက်တဲ့အချိန်မှာ ကျွန်တော် (၃)ဘူးနှုန်းနဲ့ပဲ ပြုတ်ပေးထားလိုက်တယ်။ စခန်းထဲကို အားလုံးပြန်ရောက်လာတာက လူပေါင်း (၆၀)ရှိတယ်။ (၆၀)ရှိတော့ (၃)ဘူးလောက်နဲ့ ပြုတ်ပြီးစားကြည့်တဲ့အချိန်မှာ အဆင်မပြေတော့ တစ်ရက်ကို (၈)ဘူးအထိ တိုးပေးလိုက်တယ်။ တစ်နပ်ကို (၈)ဘူးပေါ့။ ပြုတ်ပြီးရင် ကျွန်တော်တို့ ဆန်ပြုတ်လေး တွေပဲဝေတာ။ ထမင်းချက်တာ သတ်သတ်တစ်နေရာရှိတယ်။ အဲဒီနေရာမှာပဲ ပြုတ်ပြီးတော့ နေရာအလိုက်ကနေ လူလွှတ်ပြီးတော့ ပုံးလေးတွေနဲ့ယူခိုင်းရတာပေါ့။ ဆန်ပြုတ်ပဲသောက်တဲ့အခါကျတော့ အဲဒီအိတ်တစ်အိတ်က ကြာကြာတောင့်ခံထားလို့ ရတာပေါ့။ အဲဒါကုန်ခါနီးကျတော့ တိုင်းကိုလည်းတင်ပြတာပေါ့။ တင်ပြတော့ သူတို့ရိက္ခာချပေးဖို့အစီအ စဉ်တွေက လုပ်ပြီ။ ဆန်တွေကိုက သူတို့ အိတ်အသေးနဲ့ပဲ ချပေးတာပေါ့။ ပြီးရင် ဆီတွေချပေးတယ်။ ကျွန်တော်တို့လည်း ရတဲ့အခါရ တယ်။ မရတဲ့အခါ မရဘူးပေါ့။ အဲဒီထဲမှာ ဘာတွေပါလဲဆိုတော့ ကြက်သွန်ဖြူတွေ၊ ဆားထုပ်တွေ၊ အသားခြောက်တွေ၊ ငါးခြောက်တွေ အကုန်ပါတယ်။ ပြီးတော့ ဓာတ်ဆား ထုပ်တွေချပေးတယ်။ ပြီးတော့ လိုအပ်တာ ပြောဆိုတော့ ဒီဘက်က နေ ဘာလိုတယ်၊ ဘာလိုတယ်ပေါ့။ အဓိကကတော့ ဆန်ပဲဖြစ်သွားတာပေါ့။ ဆန်က တစ်ခါတလေမှ တစ်အိတ်လောက် ပဲရလိုက်တာ။ အဲဒီလိုဆန်တစ်အိတ်လောက် ရတဲ့နေ့မျိုးဆိုရင်တော့ ကျွန်တော်တို့ တစ်နပ်လောက်တော့ ထမင်းစား လိုက်တာပေါ့။ ကျန်တဲ့ရက်တွေကတော့ ဆန်ပြုတ်ပဲ သောက်တော့ဆိုပြီးတော့ ဆန်ပြုတ်ပဲ သောက်ခိုင်းထားတာပေါ့။ ပြီးတော့ ဘယ်လောက်အထိကြာမှာလဲ မသိဘူး။ လေယာဉ်ကလည်း ချလိုက်တိုင်း၊  ရိက္ခာချည်းပဲ ၁၂ ထုပ်ချခဲ့တဲ့အခါ တွေရှိတယ်။ ၁၂ ချလည်း တစ်ခါတလေ (၂)ထုပ်။ ဒါမှမဟုတ်ရင် (၄)ထုပ်။ (၄)ထုပ်လောက်ရခဲ့ဖူးတာက တော်တော် ရှားတယ်။ ခြံစည်းရိုးအပြင်တွေမှာ ကျတဲ့ဟာတွေအကုန်လုံးက သူတို့ပဲကောက်သွားတယ်။ သူတို့အတွက် ရိက္ခာဖြစ်သွား တာပေါ့။ အဲဒီမှာ ရိက္ခာတော့ ချွေတာပြီးစားရတယ်။ ဆန်ပြုတ်ပဲ။ ပုံမှန်ကတော့ ဆန်ပြုတ်ပဲ သောက်ရတာပေါ့။ ထမင်းစားရတဲ့ရက်ကတော့ စခန်းမှူးကျသွားပြီးတဲ့ နောက်ပိုင်းမှာ ထမင်းစားရတဲ့ရက် ကနည်းသွားတယ်။ ဆန်ပြုတ်ပါ ပြတ်သွားပြီဆိုတဲ့ အချိန်ကျတော့ စစ်သည်တွေက ဆက်သွယ်ရေးလမ်း ကြောင်းတစ်လျှောက်ကိုသွားပြီးတော့ ရှိသမျှ အပင်တွေခူးတယ်။ ဆားနဲ့ပြုတ်သောက်တယ်။ ညဘက်ဆိုရင် ခြံစည်းရိုးဘေးနားလေးတွေမှာရှိတဲ့ ငှက်ပျောပင်တွေ လိုက်ခုတ်တယ်။ ခုတ်ပြီးရင် ငှက်ပျောအူပင်ကို ပြုတ်သောက်တယ်။ စခန်းထဲမှာမွေးထားခဲ့တဲ့ ကြက်တို့ဘာတို့ကလည်း လက်နက်ကြီးကျတဲ့ အချိန်တွေမှာ အကုန်လုံးပျောက်ကုန်တာပေါ့။ ဘယ်နားကို ရောက်လို့ ရောက်သွားမှန်းမသိဘူး။ ကြက်လည်း နည်းနည်းပဲရလိုက်တယ်။ ကြက်က (၅)ကောင် လောက်ပဲရလိုက်တယ်။ တချို့ရက်တွေကျတော့လည်း မစားရဘူးပေါ့။ မစားရပေမယ့်လည်း စိတ်ပျက်သွားတယ်လို့တော့မရှိဘူး။ တစ်ခါတလေကျရင် တိုင်း နဲ့ဖုန်းတွေဆက်ပြီး အဆက်အသွယ်ရရင်သာ ဘာလိုအပ်သေးလဲ။ ဆန်အိတ်က ဘယ်နှအိတ်ရသလဲ။ ပြီးတော့ ဘာတွေလိုအပ်လဲဆိုတဲ့ အချိန်မှာ အကုန်လုံး တောင်းဆိုတာတော့ ဆေးလိပ်တောင်းဆိုကြတယ်။ ဆေးလိပ်ကို ချခိုင်းတယ်။ ဆန်အိတ်တွေထဲ မှာပဲ ရောပြီးချခိုင်းတယ်။ နောက်ဆုံး ခဲယမ်းချခိုင်းတယ်။ ဆန်နဲ့ဆေးလိပ်ချခိုင်းတယ်။ ကျန်တာမကျလည်း ဘာမှမဖြစ် တော့ဘူး။ ဆန်ပြုတ်နဲ့ ဆေးလိပ်သောက်နေရရင် သူတို့ထပ်ပြီးတော့ တိုက်လို့ရပြီဆိုပြီးဖြစ်တာပေါ့။ တချို့ဘန်ကာထဲ မှာချည်းပဲ နေတဲ့အချိန်ကျတော့ အသက် (၄၀)ကျော်လောက်ရှိတဲ့ စစ်သည်တွေကျတော့လည်း ချည့်တာတို့ဘာတို့ ဖြစ်သွားတာပေါ့။ ရိက္ခာပိုင်းကျတော့ အဲဒီလို ချွေတာစားပြီး ဖြေရှင်းတာပေါ့။ အမဲခြောက်ထုပ်ဆိုရင်လည်း တစ်ခါတလေ ကျရင် နှစ်ပိဿာလောက်ရတယ်။ ခြောက်ပြီးသားတွေ‌ပေါ့နော်။ လူ (၆၀) ခွဲတဲ့အခါတော့ အကုန်လုံး အချောင်းလိုက် လေးတွေခွဲ၊  ဓားနဲ့လှီး။ လှီးပြီးတော့ (၁၀)ယောက်ပုံ (၆)ပုံ ပုံကြည့်ပေါ့။ ဆန်ထုပ်ကျတဲ့နေ့တော့ ကျွန်တော်တို့ ပျော်တဲ့ နေ့ပေါ့။ ထမင်းတစ်နပ် တော့ကကြိတ်မှိတ်ပြီး ချက်စားလိုက်တာပေါ့။ ထမင်းတစ်နပ်တော့ရပြီ။ စားမယ်ပေါ့။ ကျန်တဲ့ အချိန်ကျရင် ဆန်ပြုတ်ပဲပြန်သောက်။ ဓာတ်ဆားတွေကတော့ ပြန်စုထားလိုက်တယ်။ တအားကြီးလိုအပ်တယ် တအားကြီးချည့်နဲ့သွားတယ်ဆိုတဲ့ လူကိုပဲတိုက်တာ။ ဓာတ်ဆားထုပ်လေးတွေကို ဒီအတိုင်းပဲချန်ထားလိုက်တာ။ ထောက်ပံ့ဘက်ကလည်း ချိတ်ဆက်လာပါတယ်။ ဘာတွေလိုအပ်လဲ။ ဆေးဝါးဆိုလည်း တတ်နိုင်သလောက်ပေါ့၊ ရသ လောက်ချပေးပါမယ်ဆိုတဲ့အတိုင်း ချပေးပါတယ်။ အဲဒီကြားထဲမှာလည်း ဟိုဘက်က ကျွန်တော်တို့စခန်းကို တောက် လျှောက်ဝင်လုံးတယ်။ လုံးနေတဲ့အချိန်ကျရင်တော့ ရဟတ်ယာဉ်ခေါ်တယ်။ အဲဒီကျရင် Y12 ပါ နောက်က ပါပါလာတတ် တယ်။ ရှေ့က MI 35 နဲ့ပစ်ပေးတဲ့အချိန့် Y 12 က ရိက္ခာ ထုပ်တွေလာချပေးတယ်။ ခဲယမ်းထုပ်နဲ့ ရိက္ခာထုပ်နဲ့။ နောက်ဆုံး ပိတ်ကရက်ပေါင်း (၃၀)လောက် ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က ခဲယမ်းကို တစ်ယောက် (၁၀ဝ)လောက်အထိ ပြန်ရ တယ်။ လူပေါင်း (၆၀)ဆိုရင် အားလုံးပေါင်း (၆၀ဝဝ)လောက်ရှိတာပေါ့နော်။ အဲဒီလောက်ထိလည်း ခဲယမ်းပြည့်ခဲ့ဖူး တယ်။ ပြည့်တော့လည်း ထွက်တိုက်လို့ကမရဘူး။ တစ်ယောက် ထွက်တာနဲ့ တစ်ယောက်ကျ။  ဘန်ကာထဲနေတာကို သူတို့ကမြင်နေရတယ်။ လှုပ်ရှားမှုတွေကို မြင်နေရတယ်။ ပထမတော့ ညပိုင်းတွေလှုပ်ရှားတယ်။ ရေခပ်တာတို့ ထမင်းချ က်တာတို့က ညပိုင်းပဲလုပ်တာ။ ည(၂)နာရီ၊ (၃)နာရီလောက်မှာပဲအလုပ်လုပ်တယ်။ ကျန်တဲ့အချိန်တွေက ဘန်ကာထဲက နေ အသင့်စောင့်နေရတာ။ အဲဒီ(၃)နာရီလောက်ဆိုရင် သူတို့လည်းအိပ်ပျော်တဲ့အချိန်ဆို ရေထခပ်ပေါ့။ ပြီးရင် ထမင်း ချက်ဖို့ ဘာညာလုပ်တဲ့ အချိန်မှာ သူတို့ကျွန်တော်တို့လှုပ်ရှားမှုတွေကို သိသွားတာ။ အသံကြားသွားတော့ ညကြည့်ဒရုန်း တွေနဲ့လွှတ်တယ်။ ညကြည့် ဒရုန်းကကြည့်သွား‌တာပေါ့။ ကျွန်တော်တို့ကို ကြည့်သွားပြီးသွားပြီ ဒရုန်းပျံပြီး သွားပြီဆိုရင် သိပ်မကြာခင်မှာ ဒရုန်းအကြီးတွေရောက်လာတယ်။ ဒရုန်းကတော့ (၅၁)ရက်လုံးမှာ မချခဲ့တဲ့ရက် တစ်ရက်မှမရှိဘူး။ နောက်ဆုံး အရေအတွက် နည်းသွားတာပဲရှိတယ်။ တစ်ရက်ကို အလုံး (၂၀)လောက်ပဲချတယ်။ (၃၀)လောက်ပဲ ချတယ် ဆိုတာပဲရှိတယ်။ ထွက်လာခါစက (၁၀ဝ) ဝန်းကျင်ချပြီး စခန်းကို အမှုန့်ကြိတ်တာ။ ရိက္ခာထား ထားတဲ့နေရာတွေလည်း ပေါက်ပြဲကုန်တယ်။ ထမင်းချက်တဲ့နေရာတွေလည်း ပေါက်ပြဲကုန်တယ်။ မြေကျင်းတွေလည်း ပြိုတယ်။ အဲဒီလိုမျိုးပေါ့။ နောက်ပိုင်း  သူတို့ဒရုန်းမှာဗုံးသီး ချတာနည်းသွားတယ်။ ခဲယမ်းနည်းသွားတဲ့အခါတွေ ဆိုလည်း ကျွန်တော်တို့ အင်တာ မိတယ်။ သူတို့နည်းနေပြီ၊ ထိန်းထား၊ ဒီတိုင်းလေးပဲတောင့်ထား၊ ဝိုင်းပဲဝိုင်းထားပေါ့နော်။ ဆက်ပြီးတော့ ပစ်ခတ်မှု ထိန်းထားတဲ့ အခါလေးတွေလည်းရှိတယ်။ အဲဒီလိုအချိန်ကျ‌တော့ ကျွန်တော်တို့အုပ်ချုပ်မှု လုပ်ရတာလေးတွေ လွယ် တာပေါ့။

တိုက်ပွဲစဖြစ်တော့မယ့်အချိန်မှာ ကျွန်တော်တို့က ရိက္ခာတစ်လစာထုတ်ထားတာ။ ကျွန်တော်တို့က ကျွန်တော် တို့စစ်ကြောင်းအတွက်ပဲ ထုတ်လိုက်တယ်။ ရဲတွေကကျတော့ ရိက္ခာမရဘူး။ ရိက္ခာငွေပဲလေ။ ပြီးတော့ အမြောက်တပ်ဖွဲ့ ကကျတော့ ရိက္ခာရှိတယ်။ တစ်လစာပဲရှိတယ်။ အမြောက်ကို ကာဗာပေးထားတဲ့အဖွဲ့ကလည်း တစ်လစာပဲရှိတယ်။ ကျွန်တော်တို့ကလည်း တစ်လစာပဲရှိတယ်။ ဆန်တွေအားလုံးပေါင်းကြည့်လိုက်တဲ့အခါမှာ ဆန်တွေ (၁၂)အိတ်လောက်ရှိ တယ်။ အယောက် (၆၀)လုံး အထဲကို ဝင်လာတဲ့အခါမှာ စားတော့ (၁၀)ရက်လောက်ကို မနည်းဆွဲဆန့်ပြီး စားရတယ်။ (၁၀)ရက်ကျော်ကစပြီး ဆန်ပြုတ်တစ်လှည့်၊ ထမင်းတစ်လှည့်နဲ့ ဖြစ်နေခဲ့တာပေါ့။ အဲဒီနောက်ပိုင်းမှာ ဆန်အိတ်လာချ တယ်။ တစ်အိတ်ရတယ်။ မျှစားတယ်။ (၂၀)ရက်နောက်ပိုင်းမှာ ဆန်ပြုတ်ချည်းပဲ ဖြစ်သွားပြီ။ ထမင်းတစ်နပ် လောက်စားဖို့အရေးကတော့ တော်တော်လေးခက်တယ်။ မစဉ်းစားရဲဘူး။ စားလည်းမစားခိုင်းဘူး။ စားလို့ဆန်မရှိတော့ ရင် နောက်ထပ်ပြတ်သွားရင် အဆင်မပြေဘူးဆိုတာ သူတို့ကို သေချာပြောပြတော့ သူတို့ သေချာလက်ခံတယ်။ ဆန်ပြုတ်ပဲ သောက်မယ်။ မျှပြီးတော့ ဆန်ပြုတ်ကလည်း တစ်ခွက်စီရမှာပေါ့။ ဆန်အိတ်ရတဲ့ရက်တွေပဲ တစ်နပ် လောက်စားဖြစ်တယ်။ ရက်ပေါင်း (၄၀)လောက် ရောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဆီကို ကျွန်‌တော်တို့ရဲ့ ဒရုန်း အဖွဲ့တွေမီပြီ။ ဒရုန်းမီတော့ ကျွန်တော်တို့ကို စီစဉ်ပေးတာက လက်ဖက်ထုပ် ရှူးရှဲတွေရယ်။ ဒရုန်းက ဆန်နှစ်ပြည်နိုင် တယ်။ အဲဒီဒရုန်းနဲ့ (၃၊ ၄)ခေါက်စီ လာလာဝဲပေးတယ်။ စခန်းပေါ်ကနေ လာပစ်ချပေးတဲ့အခါ ကျွန်တော်တို့ ဆန်ပြုတ် ပြုတ်သောက်တယ်။ အဲဒီဆန်ထုပ်လေးတွေနဲ့ပဲ အားဆေးတွေထည့်ပေးတယ်။ အားဆေးတိုက်ပါ။ သောက်ထားပါဆိုပြီး တော့ အားဆေးသောက်ရတာရှိတယ်။ ပြီးတော့  Royal D ထည့်ပေးတော့ Royal D သောက်ပေါ့။ ကော်ဖီထုပ် လေးတွေ လည်း (၁၀)ထုပ်၊ (၁၅)ထုပ်ပါလာတယ်။ ပြီးတော့ ရိက္ခာထုပ်တွေ ချပေးတုန်းကလည်း ရွှေဖီဦးပါတယ်။ ခွဲတမ်းနဲ့ တစ်ထုပ်ကို (၄)ယောက်သောက်ရတယ်။ လေးယောက်ကို ကျဲကျဲဖျော်။ အနံ့လောက်ပဲသောက်။ လုံးဝကြီး ငတ်ပြတ်ပြီး တော့ သေသွားတယ် ဆိုတဲ့အနေအထားတော့ မရဘူးဆိုပြီးတော့ ရိက္ခာကို အမြဲတမ်း နှစ်ပြည်လောက်ထိ တော့ ချန်ထားတာပေါ့နော်။ နောက်ဆုံးအခြေအနေမျိုးမှာ အကြောင်းမျိုးမျိုးကြောင့် မရလိုက်ရင် (၃၊ ၄)ရက်လောက် အထိ တောင့်ခံနိုင်ရမယ်ဆိုပြီး ချန်ထားပြီးတော့ တိုင်ပင်ပြီးတော့ ဒီအတိုင်းလေးပဲစားမယ်ဆိုပြီး ဆန်ပြုတ်သောက်ပြီး နေတာ။ သူတို့လည်း အဆင်ပြေတယ်။ လက်ခံတယ်။ ငါးခြောက်ဆို အကောင်ရေနဲ့ပဲ ရတယ်။ ငါးခြောက်နည်းနည်းပဲ ကျတဲ့အချိန်ဆို တစ်ယောက်ကို (၅)ကောင်ဆို (၅)ကောင်စီရတယ်။ ငါးနီတူခြောက်လေးတွေလေ။ တစ်ယောက်ကို (၅)ကောင်။ စကေးနဲ့ပဲသွားတာ။ သူ့ဘာသာ ဖယောင်း တိုင်မီးနဲ့ပဲ မြှိုက်စားစား၊ အစိမ်းစားစားပေါ့။ ပြီးတော့ ကျွန်တော် တို့က စခန်းထဲမှာ ခွေးတွေမွေးထားတာ ရှိတယ်ဗျ။ ခွေးတွေကိုလည်း မကျွေးနိုင်တော့ဘူး။ စခန်းဘေးကို လာလုံးခဲ့တဲ့ အချိန်မှာ ရန်သူကျနေ ခဲ့တာတွေရှိတယ်။ အလောင်းတွေက ပတ်ချာလည် မှာပဲပုပ်ပြီးတော့ပေါ့။ ကျွန်တော်တို့လည်း မဆွဲနိုင်တော့ဘူး။ ခွေးတွေကတော့ အဲဒါတွေ သွားစားတာပေါ့။ အဲဒီမှာ အထုပ်တွေသွားဆွဲရင်းနဲ့ပဲ ထိသွားကြတာ။ ကျွန်တော့်ဆီက ရဲဘော်တစ်ယောက်ဆိုရင် အထုပ်တက်ဆွဲရင်းနဲ့ပဲ ရိက္ခာနှစ်ထုပ်နဲ့ ကျည်ဆန် ထုပ်တစ်ထုပ်တက်ဆွဲ တယ်။ ဆွဲတဲ့အချိန်မှာပဲ ကျသွားတယ်။ ရက်ပေါင်း (၃၀)မြောက်လောက်မှာ အဲဒီရဲဘော်တစ်ယောက်ဆိုရင် ထူးထူး ခြားခြား အထုပ်တွေလည်းယူလာပေးပြီး၊ ဗိုက်ကိုလည်း ထိသွားတယ်။ အူတွေလည်း ထွက်လာတယ်။ အဲဒါကို အထုပ် တွေရအောင်ဆွဲလာပြီးတော့ ပြန်လာခဲ့တယ်။ ပြန်လာပြီးတော့ သူသေချာပြောသွားတာ။ ကျွန်တော်တို့ မရှုံးတော့ဘူး ဆိုပြီး။ စခန်းမကျဘူး။ ဆက်လုပ်နိုင်ရင် ကျွန်တော်ဆက်လုပ်တယ်။ လောလောဆယ်တော့ မလုပ်နိုင်တော့ဘူး။ လက်က လည်းကျိုးသွားတယ်။ စနိုက်ပါက တစ်ချက်တည်းနဲ့ လက်ကိုရော ဗိုက်ကို ရောမှန်သွားတာပေါ့။ အဲဒီတစ်ယောက်က တော့ ထူးထူးခြားခြားပဲ။ သူ့ကိုတော့ နှစ်ရက်ထားပြီးမှ သင်္ဂြိုဟ်ပေးလိုက်တာ။ ရိက္ခာပိုင်းက တော်တော်ခက်ပါ တယ်။ လူတွေက အကုန်လုံး ပိန်ချောင်သွားတာ။ တချို့တွေ အသက်ကြီးတဲ့လူတွေကလည်း မစားရရင် မနေနိုင်တဲ့လူတွေရှိ တယ်။ သူတို့ကတော့ ဟိုအရွက် ဒီအရွက်တွေကို ပြုတ်ပြီးစားတယ်။ ပြုတ်ပြီးသောက်တယ်။ ဓာတ်ဆားပဲရှိရင် ဓာတ်ဆားပဲ သောက်တယ်။ တချို့ရက်တွေက ရွှေဖီဦးထုပ်လေး တစ်ထုပ်ကို ခွဲခွဲပြီးတော့ အမှုန့်လေးတွေလျက်တယ်။ တစ်ရက်တစ်ရက်ကို မိုးလင်းသွားရင် ဘယ်အချိန် ထတိုက်တော့မှာလဲပေါ့။ ညဘက်လည်း မအိပ်ရပါဘူး။ ညဘက်က အသင့်စောင့်တယ်။ ကျွန်တော်တို့ ညှောင့်တွေထောင်ထားတာဖြစ်တဲ့အတွက် သူတို့မတိုးရဲဘူး။ ညဘက်တော့ နည်းနည်းလေးပေါ့တယ်။ ဒရုန်းနဲ့ပဲ သူတို့လာချတယ်။ နေ့ဘက်တွေကျရင်တော့ ဘယ်အချိန်တိုက်မှာလဲစောင့်နေတာ။ ကားတွေ ဖြတ်နေတာတော့ မြင်နေရတာပဲ။ ကျည်ဆန်မရှိလို့သာ ပစ်လို့ကမရဘူးဖြစ်နေတယ်။ သူတို့ဖြတ်သွား ဖြတ်လာတွေလည်း ရိပ်ခနဲမြင်ရတယ်။ သို့သော် ကိုယ့်ဘက်က ဘာမှလုပ်လို့မရဘူး။ တစ်ရက်ကုန်ဖို့ကို မြန်မြန်ကုန်ပါ တော့ပဲ ဆုတောင်းနေခဲ့ရတာအများကြီးပဲ။ ညမြန်မြန်ရောက်ပါတော့ဆိုပြီးတော့။  မနက်ရောက်ပြီဆိုတာနဲ့၊ မိုးလင်းခါ နီးလေးတွေမှာ ထတိုက်တာတာပဲ။ အဲဒါကြောင့် မိုးလင်းခါနီးတစ်ချက် သတိထားပြီးစောင့်တယ်။ ပြီးတော့ နေ့ခင်းဘက် တွေက အချိန်မရွေး သူတို့ဒရုန်းနဲ့လာတယ်။ တိုက်လို့လည်း ရတယ်ဆိုတော့ နေ့ခင်းဘက်ရောက်ရင် အလှည့်ကျ အိပ်ပြီးတော့ အသင့်စောင့်ပေါ့။ ရက်ရှည်မအိပ်ရတော့ တချို့တွေက စိတ်တွေက တစ်မျိုးတွေ ဖြစ်တာတွေရှိတယ်။

ဆက်လက်ဖော်ပြပါမည်. . .


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူပုဂ္ဂိုလ်(၁၂)ဦး၏ ဘဏ်ငွေစာရင်း (၃၆)ခုနှင့် Pay Account (၃၈)ခုတို့ကို ငွေစာရင်းပိတ်သိမ်းထားပြီး အရေးယူမှုများဆောင်ရွက်နေကြောင်း ဗဟိုဘဏ် အသိပေး

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved