ရိုးတွင်းချဉ်ဆီလဲလှယ်မှု အပါအဝင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများကိုရရှိနိုင်မည့် (၇)ထပ်ကုသဆောင်သစ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်ဖွင့်လှစ်
Pearl (NSS) - ဇန်နဝါရီ ၂၂
ရိုးတွင်းချဉ်ဆီ လဲလှယ်ကုသမှု အပါအဝင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများကို ရရှိနိုင်မည့် (၇)ထပ်ကုသ ဆောင်သစ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်) တွင် ရန်ကုန်တိုင်း ၊ လသာမြို့နယ်၊ အနော်ရထာလမ်းရှိ အဆိုပါဆေးရုံကြီး၌ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တတ်ရောက်ခဲ့သည်။
ယခု ဖွင့်လှစ်ခဲ့သည့် (၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံတည်ဆောက်ထားသည့် အဆိုပါ(၇)ထပ်ကုသဆောင်သစ်ကြီးအတွင်း၌ နိုင်ငံတကာအဆင့်မီ ဆေးကုသမှုရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ပုံရိပ်ဖော်နည်းပညာဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါ လူနာဌာန၊ ရိုးတွင်းချဉ်ဆီလဲလှယ်ကုသဌာနတို့ပါဝင်ပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာအဆင့်မြင့်မားသည့် ကုသမှုများကိုပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်ခြင်းကြောင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအားကိုးအားထားပြုရပြီး ဆေးပညာ သင် ကြားရေးအတွက်လည်း ခေတ်အဆက်ဆက်အဓိကကျသည့် ဆေးရုံကြီးဖြစ်သည်။
ဆေးရုံကြီးကို ၁၈၇၃ ခုနှစ်ကတည်းက (၄၈၃)ခုတင်ဖြင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် ခုတင်များတိုးမြှင့်လာခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများစွာကို အကျိုးပြုနေသည့် ဆေးရုံကြီးလည်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ယခုအသစ်ဖွင့်လှစ်သည့် (၇)ထပ်ဆောင်အသစ်ကို နိုင်ငံတကာအဆင့်မီဆေးကုသမှုကို ပြည်သူများရရှိနိုင်ရန်ရည်ရွယ်၍ ထပ်မံဆောက် လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနား၌ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရန် မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောက်အယှက်များ၊ အခက်အခဲများရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကိုကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရန် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့ရှိ လုပ်ငန်းရှင်တချို့ကို မုံရွာသေမင်းတမန်နတ်ဆိုးများအဖွဲ့က ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ