ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၈
မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှု တိုက်ခိုက်ခံရခြင်းသည် နိုင်ငံကျန်းမာရေးစနစ်အပေါ် ကြီးမားသောသက်ရောက်မှုများဖြစ်လာစေခဲ့ကြောင်း ပဋိပက္ခအတွင်းကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောင်ရေးညွန့်ပေါင်းအဖွဲ့ SHCC အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ နိုင်ငံရေးအာဏာအငြင်းပွားမှုမဖြစ်ပွားခင်အချိန်တည်းက မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်က အားနည်းခဲ့ပြီး ကျန်းမာရေးစနစ်တွင်ကာလရှည်စွာရင်းနှီးမြှုပ်နှံမှုအားနည်းခြင်းကို ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံတွင် လူဦးရေ(၁၀၀၀)လျှင် သမားတော်တစ်ယောက်နှုန်းသာရှိခဲ့ပြီးအရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများထဲတွင် အနည်းဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ကြောင်း SHCC အဖွဲ့က ဖော်ပြထားသည်။
၂၀၀၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်ကာလအတွင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ဂျီဒီပီ၏ ပျမ်းမျှတန်ဖိုး (၃ ဒသမ ၁၅)ရာခိုင်နှုန်းကိုသာ ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ချက် ပိုမိုတိုးတက်လာခဲ့သော်လည်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်းတွင် အစိုးရ၏ကျန်းမာရေးအသုံးစရိတ်က (၃၆)ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း SHCC အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုက်ခိုက်ခံရမှုသည် ယခင်ရှိနှင့်ပြီးသား ကျန်းမာ ရေးစနစ်ကို ပိုမိုဆိုးရွားလာစေပြီး ဆေးဝါးကုသမှုခံယူရန်လိုအပ်သောပြည်သူများအတွက်ဆေးကုသမှုများကို လက်လှမ်းမီရန် ဆိုးရွားသောအတားအဆီးများကို ဖန်တီးပေးသလိုဖြစ်ခဲ့ကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်း နှင့် မြန်မာနယ်စပ်ဒေသဖြစ်သော ကရင်နီပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ငှက်ဖျားအတည်ပြုလူနာအရေအတွက် (၁၀၀၀)ရာခိုင်နှုန်းတိုးလာနေပြီး ငှက်ဖျား ရောဂါကုသဆေးရရှိရန် လိုအပ်ချက်ကလည်း တိုးပွားလာနေကြောင်း SHCC အဖွဲ့ကပြောသည်။ ငှက်ဖျားရောဂါကုသဆေး လက်လှမ်းမီသောနေရာများတွင်လည်း ၂၀၂၂-၂၃ ခုနှစ်ငွေကြေးဖောင်းပွမှုနှုန်း (၂၀)ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ဆေးဝါးများလက်လှမ်းမီရန် စီးပွားရေးအရ အတားအဆီးများဖြစ်စေခဲ့ကြောင်း သိရသည်။ တီဘီရောဂါ၊ ဆီးချို ရောဂါ၊ HIV ရောဂါအတွက် အေအာတီးဆေးတို့အပါအဝင် ရောဂါများအတွက် ဆေးဝါးရရှိရန်ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ